ဒေါ်အောင်ဆန်းစုကြည် ပိုလန်ရောက်

  • 11 စက်တင်ဘာ 2013
DASSK Poland
Image caption ဥရောပခရီးသွားဖို့ အင်္ဂါနေ့က ရန်ကုန်လေဆိပ်ကို ဒေါ်စု ရောက်အလာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသုံးနိုင်ငံခရီးစဉ်အစဖြစ် ဗုဒ္ဓဟူးနေ့ မနက်ကပဲ ပိုလန်နိုင်ငံကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

ရောက်တဲ့နေ့မှာပဲ ပိုလန် လွှတ်တော်ကို သွားရောက်ပြီး လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ စကားပြောဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန် ခရီးစဉ်ကို ပိုလန် လွှတ်တော် ဥက္ကဌ နဲ့ Lech Walesa Institute လက်ခ် ဗာဝင်ဆာ အဖွဲ့တို့က ပူးတွဲ စီစဉ်တာ ဖြစ်ပါတယ်။

လက်ခ် ဘောင်ဝင်ဆာအဖွဲ့ကတော့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်၊ ပိုလန် လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ သမ္မတဟောင်းလည်း ဖြစ်တဲ့ မစ္စတာ လက်ခ် ဗာဝင်ဆာ တည်ထောင် ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပိုလန်ခရီးစဉ်ဟာ လက်ခ် ဗာဝင်ဆာ အဖွဲ့ နဲ့ ပိုလန်နိုင်ငံအတွက် ဂုဏ်ယူ၀မ်းမြောက်စရာ ဖြစ်တယ်လို့ လက်ခ် ဗာဝင်ဆာ အဖွဲ့က ညှိနှိုင်းရေးမှူး မစ္စတာ သောမတ်စ် ကော့ခ်ရှီးဗားက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပိုလန်လာဖို့ ဖိတ်ထားတာ ၂ နှစ်လောက် ရှိပြီ ဖြစ်ပေမယ့် အခုမှ လာနိုင်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ခြင်းနဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ ကမ္ဘာကျော်အောင် ထင်ရှားတဲ့ ပုဂ္ဂိုလ် ဖြစ်သလို ပိုလန်ပြည်သူတွေ အတွင်း အထူးသဖြင့် တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီရေး ကြိုးပမ်းကြသူတွေ၊ နိုင်ငံရေးသမားတွေ၊ အခုနောက်ဆုံး ကျောင်းသူ ကျောင်းသား တွေကြားမှာ အလွန် လူသိများ ထင်ရှားတဲ့အကြောင်းလည်း မစ္စတာ ကော့ခ်ရှီးဗားက ပြောပါတယ်။

လက်ခ် ဗာဝင်ဆာ အဖွဲ့ အနေနဲ့လည်း ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်း မြန်မာပြည်တွင်းမှာ တက်တက်ကြွကြွ အကူအညီ ပေးနေပြီး အဲဒီထဲမှာ ဆွေးနွေးပွဲတွေ၊ သတင်းမီဒီယာတွေ ဖိတ်ခေါ်ပြီး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပတာတွေ၊ မှတ်တမ်း ရုပ်ရှင်ပြိုင်ပွဲမှာ ပါဝင်ကူညီတာတွေ လုပ်ခဲ့တယ်၊ ဆက်ပြီးတော့လည်း အကူအညီ ပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပိုလန်နိုင်ငံကိုယ်တိုင်က ကွန်မြူနစ် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အခက်အခဲတွေကြားက ကူးပြောင်းလာခဲ့တာမို့ ပိုလန်အတွေ့အကြုံတွေကနေ မြန်မာပြည်အတွက် သင်ခန်းစာ ယူနိုင်မယ်လို့ ယူဆကြောင်း လက်ခ် ဗာဝင်ဆာအဖွဲ့က မစ္စတာ ကော့ခ်ရှီးဗားက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပိုလန် သုံးရက်ကြာ ခရီးစဉ်အတွင်း ကြာသပတေးနေ့မှာတော့ ပိုလန်နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိသလို ဝါဆောတက္ကသိုလ်မှာလည်း မိန့်ခွန်းပြောဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ