ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး SNDP ဆွေးနွေး

  • 12 စက်တင်ဘာ 2013
Image caption တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တိုင်းတွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဖို့ SNDP ပါတီ တင်ပြ တောင်းဆိုဖို့ ရှိ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ လေ့လာ သုံးသပ်ရေး ကော်မီတီမှာ တင်ပြမယ့် အချက်တွေကို SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ၂ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် တိုင်းတွေမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိဖို့ နဲ့ ဖယ်ဒရယ် ပုံစံ ဖြစ်ဖို့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ SNDP ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဘီဘီစီကို ပြောပါတယ်။

SNDP အနေနဲ့ လက်ရှိ ပြည်နယ် ၇ခု၊ တိုင်းဒေသကြီး ၇ခု စနစ်ကို လက်ခံ ပေမယ့် တိုင်းဒေသကြီးက အမျိုးသား လွှတ်တော်မှာ ၁၂ဦးစီ ရှိသလို ပြည်နယ်တွေမှာလည်း အရေအတွက် ပိုပေးစေလိုတဲ့ ဆန္ဒ ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေက လူနည်းစု ဖြစ်တဲ့ အတွက် အမျိုးသားလွှတ်တော်မှာ မဲခွဲလိုက်ရင် တိုင်းရင်းသား ကိုယ်စားလှယ်တွေဘက်က အမြဲ ရှုံးနိမ့်နေရတယ်လို့ သူက ပြောပါတယ်။

ဥပမာအားဖြင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းရေးရာ ဝန်ကြီး ရှိသလို ပြည်ထောင်စု အဆင့်မှာလည်း ပြည်ထောင်စု တိုင်းရင်းသား ရေးရာ ဝန်ကြီးတဦး ရှိသင့်တယ် ဆိုပြီး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲတဲ့အခါမှာ ရှုံးနိမ့်ခဲ့ရတယ်လို့ ဆိုပါတယ်။

တခါ ပြည်ထောင်စု အစိုးရမှာပဲ လုပ်ပိုင်ခွင့်တွေ များနေတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကိုလည်း လုပ်ပိုင်ခွင့်တချို့ ခွဲဝေပေးဖို့ကိုလည်း တင်ပြ တောင်းဆိုသွားမယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။