ဝါဆော တက္ကသိုလ်မှာ ဒေါ်စု မိန့်ခွန်းပြော

  • 12 စက်တင်ဘာ 2013
Poland's Former President Lech Walesa and Daw Aung San Suu Kyi
Image caption ပိုလန် သမ္မတဟောင်းနဲ့ ဒေါ်အောင်ဆန်း စုကြည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပိုလန် နိုင်ငံ ဝါဆော တက္ကသိုလ်မှာ Politics and Education နိုင်ငံရေးနဲ့ ပညာရေး ဆိုတဲ့ ခေါင်းစဉ်ကို ကြာသပတေး နေ့ ညနေက ဟောပြော ပို့ချခဲ့ ပါတယ်။

မနက်ပိုင်းကတော့ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ပိုလန် လွှတ်တော် ဥက္ကဌ နဲ့ Lech Walesa Institute လက်ခ် ဗာဝင်ဆာ ဖောင်ဒေးရှင်းရဲ့ ပူးတွဲ စီစဉ်မှုနဲ့ ပိုလန် နိုင်ငံကို ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပိုလန်က ကျောင်းသားတွေ၊ ပညာတတ် အသိုင်း အဝိုင်းနဲ့ နိုင်ငံရေး သမားတွေက စိတ်ဝင် တစား ရှိကြတယ်လို့ ပိုလန်မှာ နေထိုင်တဲ့ ဒေါက်တာ သန်းထိုက်က ပြောပါတယ်။

တက္ကသိုလ် ဟောပြောပွဲ ကို တက်ရောက်ဖို့ မှတ်ပုံတင်သူ များလာတဲ့ အတွက် မူလက သတ်မှတ် ထားတဲ့ အခန်းနဲ့ မဆန့်လို့ ပိုကျယ်တဲ့ အခန်းကို ပြောင်းရွှေ့ ခဲ့ရတာကို ကြည့်ရင် စိတ်ဝင်စားသူ များတယ် ဆိုတာ သိ နိုင်တယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် စတင် ရောက်တဲ့ နေ့က ပိုလန် ပါလီမန်ကို သွားရောက်ပြီး လွှတ်တော် ဥက္ကဋ္ဌ နဲ့ တွေ့ဆုံ ပြောဆိုတာတွေကို ပိုလန် သတင်း မီဒီယာတွေမှာ ဖော်ပြတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

အရှေ့ ဥရောပ နိုင်ငံများ အနေနဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလာတဲ့ အတွေ့ အကြုံတွေကို လေ့လာချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောတဲ့ အခါ ပိုလန် လွှတ်တော် ဥက္ကဋ္ဌက ဒေါ်အောင်ဆန်း စုကြည် နှစ်ရှည်လများ ဖြတ်သန်း ခဲ့တဲ့ ဒီမိုကရေစီ တိုက်ပွဲကို အောင်မြင်စေဖို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ ဒေါက်တာ သန်းထိုက်က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် သမ္မတဟောင်း လက်ခ် ဗာဝင်ဆာတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဝါဆော တက္ကသိုလ်မှာ ဟောပြော ပို့ချမှု အပြီး ကြာသပတေး ညနေနှောင်း ပိုင်းမှာတော့ လက်ခ် ဗာဝင်ဆာ ဖောင်ဒေးရှင်းက ဒေါ်အောင်ဆန်း စုကြည်ကို ညစာ စားပွဲနဲ့ တည်ခင်းဖို့ စီစဉ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ