မြန်မာပြည် မှာ ဒီမိုကရေစီ နဲ့ ပညာရေးနောက်ကျ

  • 13 စက်တင်ဘာ 2013
_assk_poland_
Image caption ပိုလန် နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်

ပိုလန် နိုင်ငံ၊ ဝါဆော မြို့တော်ရှိ ဝါဆော တက္ကသိုလ် မှာ မနေ့ ညနေပိုင်း က ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီ နဲ့ ပညာရေး အကြောင်း နဲ့ ပတ်သက်တဲ့ ဘာသာရပ် ဆိုင်ရာ ပို့ချချက် ကို ဟောပြောခဲ့ပါတယ်။ မြန်မာနိုင်ငံ ဟာ ပိုလန်နိုင်ငံ နဲ့ နှိုင်းစာရင် ဆယ်စုနှစ် များစွာ နောက်ကျနေခဲ့တဲ့ အကြောင်း၊ အခု မှ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ရောက်ခါစ ဘဲ ရှိသေးတဲ့ အကြောင်း တွေ ပြောခဲ့ပါတယ်။

တနေ့မှာတော့ ဒီမိုကရေစီ ခေတ်ဆီ ရောက်မယ် ဆိုတာ ကို ယုံကြည်ပေမယ့်၊ သူတယောက် တည်း လုပ်လို့ ရမှာ မဟုတ်တဲ့ အတွက်၊ အားလုံး ဝိုင်းဝန်း ကူညီကြဖို့ လိုတာကို ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ လတ်တလော မြန်မာနိုင်ငံ မှာ ဖြစ်ခဲ့တဲ့ ဆူပူမှု စတာတွေ ဟာ Rule of Law ဥပဒေ စိုးမိုးမှု မရှိလို့ တိုင်းရင်းသား လူမျိုးတွေ အကြား၊ ဘာသာခြားတွေ အကြား သင့်သင့် မြတ်မြတ် အတူ လက်တွဲ မနေနိုင် ကြတဲ့ အကြောင်း ကို ဝါဆော တက္ကသိုလ် ကျောင်းသားတွေ ရဲ့ မေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားခဲ့တာ ကို ဒီဟောပြောပွဲ တက်တဲ့ မြန်မာ့အရေး လှုပ်ရှား၊ စိတ်ဝင်စားသူ ဒေါက်တာ သန်းထိုက် က ဘီဘီစီ ကို ပြောပါတယ်။

နောက် တချက် ကလည်း မြန်မာနိုင်ငံ ရဲ့ ပညာရေး အဆင့်အတန်း နိမ့်ကျတာဟာ ဦးနေဝင်း လက်ထက်ထဲ က ဖြစ်တဲ့ အကြောင်း၊ အရင် က ၁ဝ တန်း ကို အမှတ်ကောင်း ကောင်း နဲ့ အောင်တဲ့ သူတွေ ကလည်း၊ ဆေးကျောင်း၊ စက်မှုတက္ကသိုလ် တို့ကိုသာ သွားကြပြီး၊ ဥပဒေ ပညာရပ် မသင်ယူတဲ့ အတွက်၊ ဥပဒေ ရဲ့ အကာ အကွယ်၊ အရိပ်အောက် ခိုလှုံခွင့် ကင်းမဲ့ ရတဲ့ အကြောင်း၊ ဥပဒေ စိုးမိုးမှု အရေးကြီးတာ ကို ပြောရင် လည်း၊ အလေး အနက် မထားကြတဲ့ အကြောင်း တွေ ကို ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ကနေ့မှာ တော့ ဒေါ်အောင်ဆန်းစုကြည် ဟာ၊ ပိုလန် နိုင်ငံ ကနေ ဟန်ဂေရီ နိုင်ငံ ကို ခရီးဆက်မှာပါ။