ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ် တိုက်ပွဲ ပြန်ဖြစ်

  • 12 စက်တင်ဘာ 2013
Image caption မြန်မာပြည် မြောက်ပိုင်းမှာ ပစ်ခတ်သံ ပြန်ကြားရ

ကချင် ပြည်နယ် မန်စီမြို့နယ် အတွင်း သေနတ်သံတွေ ပြန်ထွက်လာခဲ့ပြီး (၃)ရက် ဆက်တိုက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ကချင်ပြည်နယ် အတွင်း ကေအိုင်အေ (ကချင် လွတ်လပ်ရေး တပ်မတော်)နဲ့ အစိုးရစစ်တပ်တွေ အကြား ထိပ်တိုက် တိုက်ပွဲတွေ ကြီးကြီးမားမား မဖြစ်ပွားပဲ ငြိမ်သက်သလို ရှိနေခဲ့ရာက သေနတ်သံတွေ ပြန်လည် ကြားလာရကာ ထိတွေ့ တိုက်ပွဲတချို့ ပြန်လည်ဖြစ်ပွားလာကြောင်း ရှေ့တန်း စစ်ဖက်ရပ်ကွက်တွေက လာတဲ့သတင်းများအရ သိရပါတယ်။

အခု လက်ရှိ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ ကတော့ ကချင်ပြည်နယ် မန်စီ မြို့နယ် အတွင်းမှာ ဖြစ်ပါတယ်။

မန်စီမြို့ ကနေ (၁၅)မိုင်ဝန်းကျင် အကွာက ‘မုန်းဒိန်ပါ’ ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး၊ ကနေ့ (ကြာသပတေးနေ့)မနက် (၅)နာရီလောက်မှာလဲ၊ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင် များနဲ့ အစိုးရတပ် ခမရ (၅၂၂)မှ တပ်ဖွဲ့ဝင်တွေ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲ စတင် ဖြစ်ပွားခဲ့တာ ကတော့ (၁ဝ)ရက်နေ့ အင်္ဂါနေ့ ကတည်းက စဖြစ်ခဲ့တာ ဖြစ်ပြီး ကနေ့ဟာ တိုက်ပွဲ ဖြစ်နေတာ (၃)ရက်မြောက်နေ့ ဖြစ်ပါတယ်။

စက်တင်ဘာ(၁ဝ)ရက်နေ တုန်းက ကေအိုင်အေတပ် မဟာ (၃)၊ တပ်ရင်း (၁၂)ရှိရာ ဂွင်အတွင်းကို အစိုးရစစ်တပ် ခမရ (၅ဝ၇)မှ တပ်ဖွဲ့ဝင်များဟာ ကြိုတင်အကြောင်းမကြားပဲ နယ်ကျွံဝင်လာရာမှ ပထမဆုံး ထိတွေ့မှု ဖြစ်ပွားခဲ့တာလို့ သိရပြီး၊ မနေ့က ဗုဒ္ဓဟူး နေ့ ကလဲ မနက်(၇)နာရီတကြိမ် မနက်(၈)နာရီ တကြိမ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သလို၊ ညနေ (၄)နာရီကျော်ခန့်မှာတော့ ‘မုန်းခေါင်’ဖက်ကနေ စစ်ကူပေးရန်ဆင်းလာတဲ့ ခမရ (၅၂၂)နဲ့ ပါ ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ရာ၊ မနေ့က တရက်တည်း (၃)ကြိမ်ထက် မနည်း ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်း စစ်ဖက် ရပ်ကွက် အဆိုအရ သိရပါတယ်။

ဒီ (၃)ရက် တိုက်ပွဲတွေ အတွင်းမှာ ထိခိုက် ဒဏ်ရာရမှုတွေ ရှိကြောင်း သိရပေမဲ့ အရေအတွက် အတိအကျ ကိုတော့ အတည်မပြု နိုင်သေးကြောင်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ