မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်တွေ အမှု ရက်ချိန်းရွှေ့

  • 13 စက်တင်ဘာ 2013
Image caption ကျောက်ဖြူမြို့နယ်မှာ စီမံကိန်း လုပ်ငန်းတွေ ကြောင့် ဒေသခံတွေ နစ်နာမှု ရှိတယ်လို့ ကုမ္ပဏီကို ကန့်ကွက် ဆန္ဒပြခဲ့ကြ

ကျောက်ဖြူမြို့နယ်မှာ ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း အဓိက တည်ရှိရာ မဒေးကျွန်းမှာ တရုတ် ကုမ္ပဏီ CNPC ကို ဆန္ဒပြခဲ့တဲ့ ခေါင်းဆောင် ၁၀ဦးရဲ့ အမှုကို ကျောက်ဖြူမြို့နယ် တရားရုံးက စီရင်ချက် ချမှတ်မယ်လို့ ကြေညာထားပြီးမှ ကပ်ပြီး ရက်ချိန်း ရွှေ့လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တုန်းက တရုတ် ကုမ္ပဏီ CNPC ကို မဒေးကျွန်း ဒေသခံ ၅၀ဝ လောက်က စီမံကိန်းကြောင့် ထိခိုက်နစ်နာမူတွေ ရှိနေတယ် ဆိုပြီး ကန့်ကွက် ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ရာမှာ ခွင့်ပြုချက် မရပဲ ဆန္ဒပြခဲ့မှုနဲ့ ခေါင်းဆောင် ၁၀ဦးကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ကြာသပတေးနေ့မှာ စီရင်ချက်ချဖို့ ရုံးချိန်း ပေးထားပြီးမှ တရားသူကြီး ဦးနေဝင်းက စီရင်ချက် ရေးနေတာ မပြီးသေးတဲ့ အတွက် ရက်ရွှေ့လိုက်တာ ဖြစ်ကြောင်း ပြောတယ်လို့ တရားစွဲ ခံထားရသူတွေထဲက တဦးက ပြောပြပါတယ်။

စီရင်ချက် ချမယ် ဆိုတဲ့ အတွက် မဒေးကျွန်းက ဒေသခံ ၃၀၀ကျော်နဲ့ တခြား စိတ်ပါဝင်စားသူ ၁၀၀လောက် တရားစီရင်ရာ နေရာကို လာရောက် နားထောင်ခဲ့ကြရာမှာ တရား စွဲဆိုခံထားရတဲ့ (၁၀) ဦးမှ အပ တခြားလူတွေကို တရားရုံးအထဲကို သက်ဆိုင်ရာက ဝင်ခွင့် မပြုတဲ့ အတွက် ဒေသခံတွေဟာ တရားရုံးပြင်မှာ စုရုံးပြီး စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ခုလို ဒေသခံတွေ အများအပြား ရောက်ရှိလာတဲ့ အတွက် သက်ဆိုင်ရာက ရဲတပ်ဖွဲ့ အင်အား ၈၀ လောက်ကို တရားရုံး ပတ်ပတ်လည်မှာ ချထားခဲ့ပြီး အဝင်အထွက် ဂိတ် တချို့ကိုလည်း ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

အမှုကို လာမယ့် စက်တင်ဘာလ ၁၉ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ဆိုပါတယ်။