ဟန်ဂေရီရောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာ ရှင်းလင်းပွဲ

  • 14 စက်တင်ဘာ 2013
bbc_suu2_
Image caption ဟန်ဂေရီ နိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟန်ဂေရီ နိုင်ငံ ခရီးစဉ် အတွင်းမှာ သမ္မတ Janos Ader, နိုင်ငံခြားရေး ဝန်ကြီးJanos Martonyi နဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Zsolt Nemeth တို့နဲ တွေ့ဆုံဆွေးနွေး ခဲ့သလို ဘူဒါပက်စ် မြို့တော်ရှိ Corvinus တက္ကသိုလ် မှာလည်း ပို့ချ ဟောပြောပွဲ ပြုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Zsolt Nemeth တို့ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာမှာ ဟန်ဂေရီ နိုင်ငံဟာ မြန်မာနိုင်ငံ အပေါ် မှာ စိတ်ဝင်စားမှု ရှိရခြင်းက ၂ နိုင်ငံ စလုံးဟာ အာဏာရှင် လက်အောက် ကနေ ဒီမိုကရေစီ ရှင်သန်အောင် ပြောင်းလဲရတဲ့ အပိုင်း မှာ တူညီတဲ့ အတွက် ဟန်ဂေရီ ဖြတ်သန်းခဲ့ ရ တဲ့ အတွေ့အကြုံတွေ ကို ဝေမျှလိုတဲ့ အကြောင်း၊ ဝန်ကြီး Zsolt Nemeth က ဘီဘီစီ ကို ရှင်းပြပါတယ်။

မြန်မာနိုင်ငံ ဟာ ရှေ့နှစ် မှာ ASEAN ညီလာခံ ကို အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပ မယ့် အပိုင်းမှာ လည်း အကူအညီပေးမယ့် အကြောင်း၊ မြန်မာ ကျောင်းသားတွေ ကိုလည်း ဟန်ဂေရီ တက္ကသိုလ် တွေမှာ ရှေ့နှစ် ပညာသင်နှစ် က စလို့ စကောလားရှစ် ပညာသင်ဆု တွေ နဲ့ လက်ခံ သင်ကြားပေးမယ့် အကြောင်း လည်း ဝန်ကြီး Zsolt Nemeth က ပြောပါတယ်။

ဒီမိုကရေစီ စံနစ် ကူးပြောင်းရာမှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ လွတ်လပ် တရားမျှတ စစ်မှန်တဲ့ ရွေးကောက်ပွဲ အကြောင်း လည်း တင်ပြ ကြယင်း၊ ဒါကို ဟန်ဂေရီ သာမက ဥရောပ သမဂ္ဂ ကပါ လိုလားပုံ လည်း ဝန်ကြီး Zsolt Nemeth က ပြောပါတယ်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး အပိုင်းမှာ အရေးကြီးတဲ့ အချက်က နိုင်ငံ ကို အုပ်ချုပ်နေတဲ့ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးသမားတွေ နဲ့ ပြည်သူတွေ အပိုင်းမှာ သဘောတူညီချက် တွေ ရဖို့ လိုကြောင်း၊ ဒါမှသာ တနိုင်ငံ လုံး အတိုင်းအတာနဲ့ အကျိုးကျေးဇူးတွေ ခံစားနိုင်မယ့် အကြောင်း တွေ ကို ဝန်ကြီး Zsolt Nemeth က ဘီဘီစီ ကို ရှင်းပြပါတယ်။