တပ်တည်ပုံ နီးကပ်လို့ ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေ

kia
Image caption တပ်တည်နေပုံတွေက နီးကပ်နေတယ်လို့ ကေအိုင်အေပြော

ဒီရက်ပိုင်းတွေ အတွင်း ကချင်ပြည်နယ် အတွင်းမှာ သေနတ်သံ တွေပြန်ညံလာ ခဲ့ပါတယ်။

တဘက်မှာ ငြိမ်းချမ်းရေးတွေ ဆွေးနွေး နေကြပေမယ့် ဘာကြောင့် အခုလို တိုက်ပွဲတွေပြန်ဖြစ် နေတာပါလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး လုပ်ငန်းအဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဒေါင်ခါးကို ဆက်သွယ်မေးကြည့်တော့ တပ်တည်ရှိမှု အနေအထား တွေက နီးကပ် နေတဲ့ အတွက် အစိုးရဘက်က လှုပ်ရှား သွားလာမှုနဲ့ ကေအိုင်အေ ဘက်က လှုပ်ရှားမှုတွေ ပက်ပင်း တိုးတတ် တာမျိုးတွေ ရှိတတ်ကြောင်း ၊ တခါတလေ နယ်မြေ ကျော်လာတာမျိုး တွေလည်း ရှိတတ်လို့ အခုလို တိုက်ပွဲတွေ ဖြစ်နေတာလို့ ဆိုပါတယ်။

အဲဒါကြောင့် အခု ပြဿနာ တွေကို လက်တွေ့ကျကျ ဖြေရှင်း နိုင်ဖို့ လိုကြောင်း၊ လာမယ့် ၁၆ ၊ ၁၇ ရက် တွေမှာ အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ လုပ်ငန်း အဖွဲ့တွေ ဆွေးနွေးကြရင် စောင့်ကြည့်လေ့လာရေး ကော်မတီ ဖွဲ့ဖို့ အမြန်ဆုံး လုပ်မယ်လို့လည်း ပြောပါတယ်။

အဲဒီ ကော်မတီက အခုပြဿနာ တွေကို ဖြေရှင်းဖို့နဲ့ တပ်နေရာ ချထား ပုံတွေကို ဖြေရှင်းဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။ အပစ်ရပ်ရေး အတွက်ပဲ ပြောနေပြီး စစ်တပ်ပိုင်းနဲ့ ပတ်သက်လာရင် ဆုံးဖြတ်ချက် မချနိုင်လို့ အစည်းအဝေး ကြိမ်ဖန်များ လာပြီး အထမမြောက် နိုင်တာလို့ ပြောပါတယ်။

ဒီတခေါက် တပ်တည်မှု မြေပုံကို ကိစ္စ တွေကို ဆွေးနွေးမှာ ဖြစ်ပြီး ပွင့်လင်း မြင်သာ မှုတွေကသာ မြန်မာပြည်က ပြဿနာတွေကို ဖြေရှင်း ပေးနိုင်မလားလို့ ကေအိုင်အို ဘက်က မျှော်လင့်ချက် ရှိနေကြောင်းပြောပါတယ်။

အဲဒီလို တပ်နေရာ ချထားမှုနဲ့ ပတ်သက်လို့ မြန်မာ သမ္မတရဲ့ နိုင်ငံရေး အကြံပေး ဒေါက်တာ နေဇင်လတ်ကတော့ အစိုးရ အနေနဲ့ ကေအိုင်အိုနဲ့ ညှိနှိုင်းမှုတွေမှာ အခက်အခဲ မရှိလောက် ပေမယ့် အောက်ခြေပိုင်းမှာတော့ စစ်ရေး သဘောအရ ရှည်ရှည် ဝေးဝေး မတွေးလိုက် မျိုးရှိနိုင်ကြောင်း ဆိုပါတယ်။

တပ်ပိုင်းဆိုင်ရာ နေရာ ချထားဖို့ ကိစ္စကတော့ ကေအိုင်အို၊ ကေအိုင်အေတို့ ဘက်က တပ်မတော်ကို သူ့စိတ်ကြိုက် ဘယ်နေရာမှာပဲ နေလို့ ပြောလို့ မရသလို တပ်မတော်ဘက်ကလည်း ဒီလို ပြောလို့ မကောင်းတော့ ညှိနှိုင်းပြီး လုပ်ဖို့ လိုတယ်လို့ ပြောပါတယ်။

နိုင်ငံတော်ဘက်က ငြိမ်းချမ်းရေး လိုချင်လို့ လက်နက်ကိုင် အဖွဲ့တွေ နဲ့ ညှိနှိုင်းခဲ့ရာ ကျန်တဲ့ အဖွဲ့တွေ အားလုံးနဲ့ ပြေလည်ခဲ့ပြီး ကေအိုင်အို တဖွဲ့သာ ကျန်တော့ကြောင်း၊ အဲဒီတော့ လိုသလို ထိန်းညှိပြီး လုပ်ဖို့ နဲ့ တောင်းဆိုမှုတွေ သိပ်မများပဲ ဆက်လုပ် သွားရင် ငြိမ်းချမ်းရေး မရနိုင်စရာ မရှိဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ