ဧရာ၀တီနဲ့ ဒုဋ္ဌာ၀တီမြစ်ဆုံတဲ့ အင်း၀အထက်နား ရေကြီး

  • 16 စက်တင်ဘာ 2013
Image caption အိမ်ထောင်စု ၃၅၀ လောက် ရေဘေး ဒုက္ခကြုံနေရ

ဧရာ၀တီနဲ့ ဒုဋ္ဌာ၀တီမြစ်ဆုံတဲ့ အင်း၀အထက်နား အမရပူရမြို့နယ်က ကျေးရွားအားလုံးနီးပါးဟာ ရေလွှမ်းနေလို့ ကိုယ့်အိမ်မှာကိုနေမရအောင် ဒုက္ခရောက်နေကြပါတယ်။

ရွှေလေး ကွက်သစ် တစ်မှာ ကိုးပေ အနက်လောက် ရေလွှမ်းသွားတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဦးမန်းထူးက ဘီဘီစီကို ပြောပြရမှာ အိမ်ခြေ ၂၅၀ ကျော် ရှိပြီး အိမ်ထောင်စု ၃၅ဝ ရှိတဲ့ ဒီဒေသမှာ ရေမြုပ်တာဟာ ဆယ်နှစ် အတွင်း ပထမဆုံး အကြီးမားဆုံး ရေကြီး မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေ အတွက် စားဝတ်နေရေး ခက်ခဲနေသလို အဆိုးဆုံးက သောက်သုံးရ မရှိတာဘဲလို့ သူက ပြောပါတယ်။

ဒါတွေဟာ လေးလလောက် ကြာမှ ပြန်နလံထူပြီး ပုံမှန် ပြန်ရောက်နိုင်မှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

သူတို့ နေရာက မြစ်တွေ ဆုံနေတဲ့ နေရာမှာ ရှိပြီး အဆီးအတား မရှိတာကြောင့် မြစ်ရေလျှံတဲ့ အခါ အခုလို ရေကြီးမှုနဲ့ ရင်ဆိုင်ရတာလို့ သူက ပြောပါတယ်။

အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ် ပို့ဆောင် ပေးနေပြီး ဆေးဝါးနဲ့ တခြား အကူအညီ ပေးနေတယ်လို့ သူက ဆိုပါတယ်။

တချို့ အိမ်ခေါင်မိုးတွေဆို ရေမြုပ်နေပြီး ကြမ်းပြင် ရေထိတဲ့ အိမ်တွေ အများအပြားဘဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒေသခံ ကိုထွန်းအောင်ကျော် ကတော့ ဒါမျိုး အခြေအနေနဲ့ မကြုံဖူးဘဲ စားဝတ်နေရေး အကြပ်အတည်း တွေ့နေချိန်မှာ ရေကြီးတဲ့ အတွက် ပြဿနာ အများအပြားနဲ့ ရင်ဆိုင်နေရပြီး ရေကောင်း ရေသန့် မရတာ အဆိုးဆုံးဘဲလို့ ဆိုပါတယ်။

စစ်ကိုင်း မန္တလေး လမ်းဘေး ဝဲယာမှာတော့ ရေဘေး ဒုက္ခသည်တွေနဲ့ သူတို့ ခေါ်လာတဲ့ ကျွဲနွားတွေ ပြည့်နှက်လို့ နေတယ်လို့ ဆိုပါတယ်။