Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်ပေးလိုက်ပြီ

  • 16 စက်တင်ဘာ 2013
Image caption တောင်အာဖရိက သမ္မတဟောင်း ဒီကလာခ်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ချက်သမ္မတနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ကော့မှူးမြို့နယ် လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် ဟာ Prage Crossroad အဆောက်အဦမှာ ပြုလုပ်တဲ့ ဖိုရမ် 2000 ညီလာခံ ကို တက်ရောက် ဖွင့်လှစ် မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ချက်သမ္မတဟောင်း ဗားကလက်စ် ဟာဗယ် ကို အောက်မေ့ ဂုဏ်ယူ မိကြောင်းနဲ့ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဟာ အကြီးမားဆုံး စိန်ခေါ်မှု နဲ့ ရင်ဆိုင်နေရတယ် လို့ ပြောပါတယ်။

၁၉၉၇ ခုနှစ်ကတည်းက ချက်သမ္မတဟောင်း ဗားစလက်ခ ဟာဗယ် ထူထောင်ခဲ့တဲ့ FORUM 2000 ဆွေးနွေးပွဲကို စတင် ကျင်းပ စဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည် ကို နှစ်စဉ် ဖိတ်ကြားခဲ့ပေမယ့်၊ နေအိမ် အကျဉ်းကျ နေခဲ့တဲ့ အချိန်တွေ အတွင်း မတက်ရောက်နိုင်ဘဲ ဒီနှစ်တော့ အခမ်းအနားကို တခြား နိုဗယ် ဆုရှင်တွေနဲ့ အတူ တက်ရောက် ဖွင့်လှစ်ပေး နိုင်ခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် တယောက် ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်ဆောင်ဆန်း စုကြည်ဟာ တခြား နိုဗယ် ဆုရှင် တယောက် ဖြစ်တဲ့ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

အဲဒီ အခမ်းအနားမှာ တက်ရောက်သူ တဦးဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်း နိုဗယ်ဆုရှင် အက်ဖ် ဒီ ကလာခ် ကို မြန်မာ့ ဒီမိုကရေစီ ပြောင်းလဲမှုဟာ လမ်းမှန်ပေါ် ရောက်နေပါရဲ့လား လို့ ဘီဘီစီက မေးမြန်းတဲ့ အခါ ခုချိန်ထိတော့ ကောင်းတာတွေ မြင်နေရပေမယ့် လိုအပ်တဲ့ ပြောင်းလဲမှုတွေ မရောက်သေးဘူးလို့ သူက ဆိုပါတယ်။

FORUM 2000 ဟာ ကမ္ဘာ့ နိင်ငံရေး ခေါင်းဆောင်တွေ နဲ့ ပညာရှင်တွေ က လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်ရေး စတဲ့ အပိုင်းတွေ မှာ အတွေ့အကြုံ တွေ ဖလှယ် နိုင်ကြဖို့ ရည်ရွယ်ချက် နဲ့ နှစ်စဉ် ဆွေးနွေးပွဲ ကျင်းပတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ