ဒေါ်အောင်ဆန်းစုကြည် Prague မြို့တော် ရောက်

  • 15 စက်တင်ဘာ 2013
bbc_su_prague_hotel
Image caption ဒေါ်အောင်ဆန်းစုကြည် Prague ဟိုတယ်ရောက်

မြန်မာဒီမိုကရေစီ ခေါင်းဆောင်၊ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် ဟာ FORUM 2000 ဆွေးနွေးပွဲ တက်ရောက် ဖို့ Prague မြို့တော် ကို ရောက်ရှိ စဉ်၊ ချက် ပြည်သူ့သမ္မတ နိုင်ငံ မှာ ရောက်ရှိ နေတဲ့ မြန်မာ့ အဖွဲ့အစည်း Burma Centre Prague၊ တိုင်းရင်းသားမိသားစု၊ မြန်မာ ပညာတော်သင်တွေ နဲ့ ချက်နိုင်ငံမှာ အခြေချ နေထိုင်တဲ့ မြန်မာ လူမျိုးတွေ နဲ့ တည်းခိုရာ ဟိုတယ် မှာ တွေ့ဆုံ နှုတ်ဆက် စကား ပြောပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ မှာ တော့ အစိုးရ ခေါင်းဆောင်ပိုင်း နဲ့ တွေ့မှာ ဖြစ်သလို၊ ကွယ်လွန်သူ ချက်သမ္မတ ဟောင်း Vaclav Havel မြှုပ်နှံရာ အုတ်ဂူ မှာ ဂါရဝ သွားပြုမယ့် အစီအစဉ် ရှိကြောင်း မြန်မာ့ အဖွဲ့အစည်း Burma Centre Prague မှ ဒါရိုက်တာ ဒေါ်စပယ်စိုး က ဘီဘီစီ ကို ပြောပါတယ်။

ညနေ ပိုင်းFORUM 2000 ဆွေးနွေးပွဲ ဖွင့်ပွဲ မှာ လည်း အဖွင့်မိန့်ခွန်း ပြောမှာပါ။

ဒေါ်အောင်ဆန်းစုကြည် ကို FORUM 2000 ဆွေးနွေးပွဲ စတင် ကျင်းပ စဉ် ကတည်းက ဖိတ်ကြားခဲ့ပေမယ့်၊ နေအိမ် မှာ အကျဉ်းကျ နေလို့ မတက်ရောက် နိုင်တဲ့ ကာလ တွေ ရှိခဲ့ပေမယ့်၊ သူ့ အတွက်ရာထားတဲ့ သတ်မှတ် ထိုင်ခုံ နေရာမှာ သူ့ဓါတ်ပုံ ကို နေရာချထား ကြောင်း ဒေါ်စပယ်စိုး က ပြောပြ ပါတယ်။ မနှစ် က စပြီး ဒေါ်အောင်ဆန်းစုကြည် ကို FORUM 2000 နိုင်ငံတကာ ဘုတ် အဖွဲ့ထဲမှာ အဖွဲ့ဝင် အဖြစ် လက်ခံလိုက်ပါပြီ။

FORUM 2000 အဖွဲ့ ကို ချက်သမ္မတ ဟောင်း Vaclav Havel နဲ့ ဂျပန် သူဌေးကြီး Yohei Sasakawa တို့က စတင် ထူထောင်ရာမှာ ကမ္ဘာ့ နိင်ငံရေး ခေါင်းဆောင်တွေ နဲ့ ပညာရှင်တွေ က လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး၊ ဥပဒေစိုးမိုးရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်ရေး စတဲ့ အပိုင်းတွေ မှာ အတွေ့အကြုံ တွေ ဖလှယ် နိုင်ကြဖို့ ရည်ရွယ်ချက် နဲ့ နှစ်စဉ် ဆွေးနွေးပွဲ ကျင်းပလာတာတဲ့ အကြောင်း လည်း မြန်မာ့ အဖွဲ့အစည်း Burma Centre Prague မှာ ဒါရိုက်တာ ဒေါ်စပယ်စိုး က ဘီဘီစီ ကို ပြောပါတယ်။