သန်းခေါင်စာရင်း လုပ်ငန်းစဉ် အကြောင်း ဝန်ကြီးရှင်းပြ

  • 15 စက်တင်ဘာ 2013
Image caption ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ နေနေသူတွေက သူတို့ကို ဘင်္ဂါလီလို့ သုံးနှုန်း သတ်မှတ်တာကို မကျေနပ်ကြ

မြန်မာနိုင်ငံမှာ လာမယ့် မတ်လကျရင် တစ်နိုင်ငံလုံး ကောက်ခံဖို့ ရှိတဲ့ သန်းခေါင် စာရင်း ကောက်ယူမှု ဆိုင်ရာ လုပ်ငန်းစဉ် တွေ မှာ ကောက်ခံမယ့် အချက်အလက်တွေကို လူတစ်ဦးချင်းစီရဲ့ လျှို့ဝှက် အကြောင်းအရာ တွေအဖြစ် ဥပဒေအရ အကာအကွယ် ပေး ထားမှာ ဖြစ်ပြီး ရာဇဝတ်ကြောင်းတွေနဲ့ ပတ်သက်မှာ မဟုတ်ဘူး လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ရှင်းလင်း ပြောသွားပါတယ်။

နောက် ၆လကျရင် တစ်နိုင်ငံမှာလုံးမှာ ရှိတဲ့ အိမ်ထောင်စု တစ်သန်းနဲ့ လူဦးရေ သန်း၆၀ လောက် အတွက် စာရင်းကောက်ကွက် ၁ သိန်း ကောက်ဖို့ သတ်မှတ် ထားပြီး လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီး ဌာန၊ ဒေသခံ ဝန်ထမ်း စုစုပေါင်း တစ်သိန်း နှစ်သောင်း ကျော် က ၁၂ရက် ကြာ ကောက်ခံကြမှာ ဖြစ် ပါတယ်။

ဒီလိုကောက်ခံရာမှာ တစ်အိမ် တက်ဆင်း ကောက်ခံမှာ ဖြစ်သလို မေး ခွန်း ၄၁ ခုပါတဲ့ ပုံစံပါ အချက်အလက် တွေကို အခြေခံပြီး ကောက်ကြ မှာပါ။

မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေကို စာရင်း ကောက်ခံရာမှာ တိုင်းရင်းသား လူမျိုး ၁၃၅မျိုးထဲမှာ ဘင်္ဂါလီ၊ တရုတ်နဲ့ ပါကစ္စတန် တို့ မပါဝင်ကြောင်း၊ သူတို့ကို အခြားလူမျိုးများ ဆိုတဲ့ စာရင်းထဲမှာ ထည့်သွင်း သတ်မှတ် ပြီး စာရင်းကောက်ခံသွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဦးခင်ရီ က ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း ကတော့ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတဲ့ သူတွေကို ကြိုတင်စာရင်း ကောက်ယူခဲ့ရာမှာ ဒုက္ခသည် စခန်းမှာ နေထိုင်နေသူတွေက သူတို့ကို ဘင်္ဂါလီ လို့ သုံးနှုန်းတာအပေါ် မကြေနပ်တဲ့ အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပြီး သန်းခေါင်စာရင်း ကောက်ခံမှုတွေ ရပ်ထားခဲ့ ရပါတယ်။

အခု အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ သိန်းနဲ့ ချီတဲ့သူ တွေရဲ့ စာရင်း အတိအကျကို တစ်နိုင်ငံလုံး သန်းခေါင်စာရင်း မကောက်ခံခင် တတိယ ကြားခံ အဖွဲ့အစည်း ထားပြီး အမြန်ဆုံး ကောက်ဖို့ လုပ်နေတယ်လို့ ဝန် ကြီး ဦးခင်ရီက ပြောသွားပါတယ်။

နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအကြိမ် အဖြစ် ကောက်ခံ ရရှိလာမယ့် သန်းခေါင်စာရင်း အချက်အလက်တွေဟာ အရင်က အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရင် အပြောင်းအလဲတွေ အများကြီး ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အခုကောက်ယူမယ့် သန်းခေါင်စာရင်း အချက်အလက်ပါ လူတဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို လျှို့ဝှက် အကြောင်းအရာတွေ အဖြစ် အကာအကွယ် ပေးသွားမယ်လို့ ဝန်ကြီးဦးခင်ရီက အာမခံ ပြောသွားပေမယ့် စစ်အစိုးရရဲ့ လက်အောက်မှာ နှစ်ပေါင်းများစွာ အကြောက်တရားနဲ့ နေထိုင်လာ ကြတဲ့ ပြည်သူတွေကတော့ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် အသေးစိတ် မေးခွန်းတွေကို မှန်မှန်ကန်ကန် ဖြေဖို့ စိုးရိမ်စိတ်တွေ ရှိနေကြမယ်လို့ သုံးသပ်နေကြပါတယ်။