ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဆွေးနွေးပွဲ

  • 17 စက်တင်ဘာ 2013
_bbc_dassk_304x171
Image caption Forum 2000 ဆွေးနွေးပွဲ

ချက်သမ္မတနိုင်ငံ Prague မြို့တော်မှာ ကျင်းပနေတဲ့ Forum 2000 ဆွေးနွေးပွဲ မှာ တနင်္လာနေ့ ညနေ ပိုင်းမှာ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ကို သွားတဲ့ လမ်း လို့ အမည် ပေးထား တဲ့ Road to Good Governance ဆွေးနွေးပွဲ ဝိုင်းကို ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တောင်အာဖရိက သမ္မတ ဟောင်း FW DeKlerk တို့ အပါအဝင် ရုရှ နဲ့ ချက်သမ္မတနိုင်ငံ မှ ပညာရှင် တွေ ဆွေးနွေး ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က စတင်ဆွေးနွေး ရာမှာ မြန်မာနိုင်ငံ မှာ ဆိုးတဲ့ အစိုးရ တွေ ဘဲ အုပ်ချုပ်ခဲ့လို့ ပြည်သူတွေ ဟာ ကောင်းကောင်း သဘောပေါက် နေတဲ့ အကြောင်း၊ ပြည်သူတွေ ကို လမ်းမှန် ကို ခေါ်နေပါလား ဆိုတဲ့ ယုံကြည်မှု ရှိနေရမယ့် အကြောင်း၊ အစိုးရ ကောင်း ဆိုတာဟာ ပြည်သူတွေ ရဲ့ အခွင့်အရေး၊ လုံခြုံရေး ကို အာမခံ နိုင်မယ့် အစိုးရ ဖြစ်ရမယ့် အကြောင်းတွေ လို့ ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြသွားတာ ကို ဘီဘီစီ မြန်မာ ဌာန ဝိုင်းတော်သား ကိုရင်မောင် က သတင်းပေးပို့ လိုက်တာပါ။

အစိုးရကောင်း ဆိုတာ ပြည်သူလူထု လိုအပ်ချက် မှန်သမျှ ကို တောင်းခံစရာ မလိုဘဲ၊ အလိုက်တသိ နဲ့ ပြည်သူကို တောင် အသိမပေး ဘဲ တာဝန်သိ လုပ်ပေးနေတဲ့ အစိုးရမျိုး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြသွားပါသေးတယ်။

တောင်အာဖရိက သမ္မတ ဟောင်း FW DeKlerk ကတော့ စံပြ အစိုးရကောင်း တွေ ကမ္ဘာပေါ်မှာ ရှားပါးလာတဲ့ အကြောင်း၊ တောင်အာဖရိက စနစ် ကူးပြောင်းရာ မှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို အဓိက ထား ဆွေးနွေး ကြတဲ့ အကြောင်း၊ အများစု ဟာ ဒီမိုကရေစီ ကို ခုတုံး လုပ်ပြီး လူနည်းစု အပေါ် အာဏာရှင် လုပ်ရပ်တွေ မလုပ်နိုင်အောင် ထိန်းကျောင်းမှု တွေ အများကြီး လုပ်ခဲ့ရတာကို သူ့အတွေ့အကြုံ တွေ အရ ရှင်းပြသွားပါတယ်။