မြန်မာက IAEA နဲ့ သဘောတူ လက်မှတ်ထိုးမယ်

  • 16 စက်တင်ဘာ 2013
IAEA ညွှန်ကြားရေးမှူးချုပ် ယူကီယာ အမာနို

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ကနေ မြန်မာနိုင်ငံထဲ ဝင်ရောက် စုံစမ်း စစ်ဆေးခွင့် ရှိစေမယ့် Additional Protocols လို့ခေါ်တဲ့ သဘောတူညီချက်မှာ မြန်မာနိုင်ငံဟာ မနက်ဖြန် လက်မှတ်ရေးထိုးတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ် ယူကီယာ အမာနို တို့ဟာ သြစတြီးယား နိုင်ငံ ဗီယင်နာ မြို့က ဗီယင်နာ နိုင်ငံတကာ ဌာန မှာ လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက် အရ လက်နက် ထုတ်လုပ်တယ်လို့ သံသယရှိတဲ့ ဘယ်လို နေရာမျိုးကို မဆို IAEA က ဝင်ရောက် စစ်ဆေးခွင့်ရှိ မှာ ဖြစ်ပြီး၊ နျူးကလီးယားနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ ကြေညာချက် တွေကို အပေါ် မှန်မမှန်ကိုလည်း စိစစ်ခွင့် ရှိပါတယ်။

မြန်မာ နိုင်ငံဟာ နျူကလီးယား လက်နက် ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ အဝေးရောက် အဖွဲ့ တခု ကနေ စွပ်စွဲ ပြီးနောက် IAEA ကနေ စုံစမ်း စစ်ဆေး သူတွေကို မြန်မာ နိုင်ငံကို စေလွှတ်ဖို့ ၂၀၁၁ ခုနှစ် ကတည်းက ကြိုးစား ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ကလည်း အီရန်နဲ့ ဆီးရီးယား အပါ အဝင် မြန်မာ နိုင်ငံ တို့ကို နျူကလီးယား နည်းပညာတွေ ပေးခဲ့ တဲ့ပုံ ရှိနိုင် တယ်လို့ ၂၀၁၀ ကုလသမဂ္ဂ အစီရင်ခံစာ တခုမှာ ဖေါ်ပြ ခဲ့ဖူး ပါတယ်။

အခုလို သဘောတူညီချက်မှာ ပါဝင် လက်မှတ် ရေးထိုးတဲ့ အတွက် မြန်မာ နိုင်ငံဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ရည်မှန်းချက် ရှိနေတယ် ဆိုတဲ့ နိုင်ငံ တကာရဲ့ စိုးရိမ် မှုတွေကို လျော့ကျ သွားစေမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်မှာ ပါဝင် လက်မှတ် ရေးထိုးတဲ့ နိုင်ငံပေါင်း လောလောဆယ် ၁၂၁ နိုင်ငံ ရှိပါတယ်။