FORUM 2000 မှာ ဘုန်းတော်ကြီး ဒလိုင်း လာမား မိန့်ခွန်းပြော

  • 16 စက်တင်ဘာ 2013
Nobel Peace Laureate Dalai Lama
Image caption Forum 2000 ဆွေးနွေးပွဲ တက်လာတဲ့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး ဒလိုင်း လာမား

Zofin Palace ယိုဖန် နန်းတော်မှာ ပြုလုပ်ခဲ့တဲ့ FORUM 2000 ညီလာခံ ပုံမှန် ဖွင့်ပွဲအခမ်း အနားမှာ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဘုန်းတော်ကြီး ဒလိုင်း လားမား တက်ရောက် မိန့်ခွန်း ပြောခဲ့ပါတယ်။

သူ့ မိန့်ခွန်း ထဲမှာ ၂၀ ရာစု အတွင်း ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်ကြည့်တဲ့ အခါ ဖိနှိပ်မှုတွေ၊ စစ်ပွဲတွေစတဲ့ မငြိမ်းချမ်းမှုတွေ ဖြစ်ခဲ့တာ တွေ့ရတဲ့ အတွက် ၂၁ ရာစုကို ဖြတ်သန်းကြမယ့် လူငယ်တွေ အနေနဲ့ လူသား ဂုဏ်သိက္ခာနဲ့ အညီ တရားမျှတမှု ရှိရှိ၊ အဂတိ လိုက်စားမှု ကင်းကင်း နေထိုင် နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်း ပြောခဲ့ ကြောင်း အခမ်း အနား တက်ခဲ့တဲ့ ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

အတွေး အမြင် မတူသူတွေကို အနိုင်လိုတဲ့ စိတ်နဲ့ လွှမ်းမိုးလိုစိတ် မထားဘဲ ကိုယ့် ရင်တွင်းမှာတင် ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး တွေ့ဆုံ ဆွေးနွေး အဖြေရှာတဲ့ နည်း တွေနဲ့ လုပ်ဆောင်သွားသင့်တယ်လို့ လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

လူ ၅၀၀ ကျော်လောက် တက်ရောက်တဲ့ ညီလာခံ ခန်းမကြီးထဲမှာ ဒလိုင်း လားမား ပြောခဲ့တဲ့ မိန့်ခွန်းဟာ နွေးနွေး ထွေးထွေး၊ ဟာသ လေးတွေ ရောနှောပြီး ပေါ့ပါ့တဲ့ ဟန်နဲ့ ပြောသွား ခဲ့တာ တွေ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အစည်း အဝေး တက်ရောက် လာကြ သူတွေ ထဲမှာ ရှားရှား ပါးပါး တွေ့ရတဲ့ မြန်မာ နိုင်ငံက လူငယ် အမျိုး သမီး နှစ်ယောက် ထဲက ဒေါက်တာ နှင်းအေးကိုက ဘာသာရေး ဆန်ဆန် ပြဿနာတွေ ရှိနေတဲ့ မြန်မာ နိုင်ငံမှာ ဘုန်းတော်ကြီး ဒလိုင်း လားမား ပြောခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ် သာရကို ဘုန်းတော်ကြီးတွေ အများ ကြားမှာရော လူအများ သိအောင်ပါ ဖြန့်ချင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မေသုန္ဒြာမျိုး ဆိုတဲ့ မြန်မာ အမျိုးသမီးငယ် ကတော့ ဘုန်းတော်ကြီး ဒလိုင်း လားမား ပြောခဲ့တဲ့ လူငယ်တွေ အနေနဲ့ စဉ်းစား တွေးခေါ် ကြရမယ် ဆိုတာကို လူအများ သိအောင် လုပ်ချင်တယ်၊ ဆုတောင်းတယ် ဆိုတာ လူ တစ်ဦး တစ်ယောက်ချင်းစီ အတွက်သာ ဖြစ်ပြီး အများ အတွက် ဆိုရင် ဆုတောင်းရုံနဲ့ မလုံလောက်ဘဲ အလုပ် လုပ်မှ ဖြစ်မယ် ဆိုတာကို သဘောကျတယ်လို့ ပြောပါတယ်။

ချက် သမ္မတ နိုင်ငံကို ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က တနင်္လာနေ့ ညနေပိုင်းမှာ ဆက်လက် ပြုလုပ်မယ့် FORUM 2000 ညီလာခံမှာ The Road to Good Governance ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဖို့ ရှိပါတယ်။

တနင်္လာ နေ့ မနက်ပိုင်းကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ချက်သမ္မတ၊ ချက် နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့ တနင်္လာ နေ့က တွေ့ဆုံခဲ့ ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ မရှိလို့ သူတို့ ဆွေးနွေးချက် အတိ အကျ ကိုတော့ မသိရပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ