မြန်မာနဲ့ ထိုင်း အဆင့်မြင့် စစ်တပ်ဆိုင်ရာ ကော်မတီ စည်းဝေး

  • 16 စက်တင်ဘာ 2013
Image caption မြန်မာဘက်က ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဦးဆောင်မယ်

မြန်မာနိုင်ငံနဲ့ ထိုင်းက ကာကွယ်ရေး ဦးစီးချုပ် တွေ ဦးဆောင် ဆွေးနွေးမယ့် ထိုင်း-မြန်မာ အဆင့်မြင့် စစ်တပ်ပိုင်းဆိုင်ရာ အစည်းအဝေး Thailand-Myanmar High level Committee Meeting ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ စတင် ဆွေးနွေး နေပါတယ်။

မြန်မာဘက်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ထိုင်းဘက်ကတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ် ပထိမား ပရာ့ကောန်းက ဦးဆောင် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာ တပ်မတော် အတွင်းရေးမှူး အဆင့် အကြို ညှိနှိုင်း ဆွေးနွေးနေကြပါတယ်။

ထိုင်းနဲ့ မြန်မာ စစ်တပ် ကော်မတီ ဖွဲ့ထားတာတွေက TBC နယ်စပ် မြို့နယ်အဆင့် ကော်မတီ၊ RBC ဒေသတွင်းအဆင့် နယ်စပ်ကော်မတီ၊ JBC ဆက်သွယ် ဆောင်ရွက်ရေး နယ်စပ်ကော်မတီ အဆင့်တွေ ရှိခဲ့ပါတယ်။ အခုအခါ HLC အဆင့်မြင့်ဆိုင်ရာ ကော်မတီအဖြစ် လွန်ခဲ့တဲ့ ၆ လလောက်က အသစ် ဖွဲ့စည်း ခဲ့တာဖြစ်ပြီး ထိုင်း-မြန်မာ စစ်တပ်ဆက်ဆံရေးမှာ အဆင့် အမြင့်ဆုံး အဖွဲ့ ဖြစ်ပါတယ်။

ပထမအကြိမ် ဆွေးနွေးပွဲဖြစ်လို့ ဘာတွေလုပ်မလဲ၊ ဘယ်သူတွေလုပ်မလဲ ဆိုတဲ့ ခေါင်းစဉ်တွေ (Framework) ကို ညှိနှိုင်းတဲ့ ဆွေးနွေးပွဲ ဖြစ်ပြီး၊ နယ်စပ်ဒေသ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး အပိုင်း တွေကို ၂နိုင်ငံ ဦးစားပေး လုပ်ဆောင်သွားဖို့ ကိစ္စတွေကိုသာ ဆွေးနွေးမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးဝင်းမောင်က ရှင်းပြပါတယ်။

နောက်ပိုင်းမှာ တော့ အောက်ခြေအဆင့် ကော်မတီတွေမှာ ဆုံးဖြတ်ချက်ချလို မရတဲ့ အငြင်းပွားဖွယ် အကြောင်းအရာတွေကို ဆွေးနွေးဖို့ ရှိကောင်း ရှိလာ နိုင်တယ်လို့လည်းသိရပါတယ်။

ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့အထိ ဆွေးနွေးမှာ ဖြစ်ပြီး၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ သဘောတူ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့ သိရပါတယ်။