နျူကလီးယားစာချုပ် မြန်မာ လက်မှတ်ထိုး

  • 17 စက်တင်ဘာ 2013
IAEA
Image caption IAEA အကြီးအကဲ ယူကီယာ အမာနို

ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA နဲ့ မြန်မာနိုင်ငံတို့ကြား နျူကလီးယား မပြန့်ပွားရေးဆိုင်ရာ Additional Protocols လို့ခေါ်တဲ့ နောက်ဆက်တွဲ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးလိုက်ပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ IAEA ညွှန်ကြားရေးမှူးချုပ် ယူကီယာ အမာနို တို့ဟာ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အင်္ဂါနေ့က လက်မှတ်ရေးထိုးကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၇ ခုနှစ်ကတည်းက IAEA အဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာတော့ ဘေးကင်းလုံခြုံရေးဆိုင်ရာ စာချုပ်နဲ့ ပမာဏအနည်းငယ်ဆိုင်ရာ စာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပေမယ့် မလုံလောက်သေးတဲ့အတွက် အခုလို နောက်ဆက်တွဲ စာချုပ်ကို လက်မှတ်ထိုးရတာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို လက်မှတ်ရေးထိုးတာကို ကြည့်ရင် နျူကလီးယားအရေး ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ သဘောထားရှိတာကို ပြသရာ ရောက်ကြောင်းလည်း သူက ပြောပါတယ်။

အခု သဘောတူညီချက်အရ မြန်မာနိုင်ငံဟာ IAEA နဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလို ငြိမ်းချမ်းသော ရည်ရွယ်ချက်နဲ့ အသုံးပြုမယ့် နျူကလီးယား စွမ်းအင်သုံး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အကူအညီ နည်းပညာတို့ကို တောင်းခံပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခု လက်မှတ်ရေးထိုးပြီးနောက် လအနည်းငယ်အတွင်းမှာ စာချုပ် အသက်ဝင်မှာ ဖြစ်ကြောင်း၊ အဲဒီအချိန်ကနေ ရက်ပေါင်း ၁၈၀ အတွင်း မြန်မာနိုင်ငံက နျူကလီးယားနဲ့ ပတ်သက်တဲ့ လုပ်ငန်းမှန်သမျှကို IAEA ကို အစီရင်ခံရမှာ ဖြစ်ကြောင်း၊ အဲဒါပြီးရင် IAEA က စစ်ဆေးရေးမှူးတွေ လွတ်လွတ်လပ်လပ် လာရောက် စစ်ဆေးနိုင်ကြောင်း ဦးရဲမင်းသိန်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ရည်မှန်းချက်ရှိတယ်၊ မြောက်ကိုးရီးယား အကူအညီလည်း ယူခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နိုင်ငံတကာက စိုးရိမ်ခဲ့ကြပါတယ်။ တပ်မတော် သိပ္ပံနဲ့ နည်းပညာ သုတေသန ဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ပထွက်လာတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း နျူကလီးယားလက်နက်နဲ့ ဆက်နွယ်တယ်လို့ ယူဆကြတဲ့ အချက်အလက်တချို့ကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အခုလို လက်မှတ် ရေးထိုးနိုင်တာကို ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း ကြိုဆိုလိုက်ပြီး IAEA အနေနဲ့ စစ်ဆေးရေး လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သူတို့ လုပ်ဆောင်သင့်တဲ့ အရာတွေကို ဆက်လက် လုပ်ဆောင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ