ဝင်းမော်ဦး မိသားစုတွေ အမျှမဝေသေး

  • 18 စက်တင်ဘာ 2013
wmo
Image caption ဒီမိုကရေစီရမှ အမျှဝေပါလို့ မဝင်းမော်ဦး မှာကြား

စက်တင်ဘာ ၁၈ ရက်နေ့ဟာ ဒီမိုကရေစီ အရေး တောင်းဆိုတဲ့ ၈၈ ခုနှစ် လူထုဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ် ဖြိုခွင်းပြီး အာဏာသိမ်းတဲ့ နေ့ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ စစ်တပ်က ပစ်ခတ် ဖြိုခွင်း ရာမှာ ကြည့်မြင်တိုင်မြို့နယ် အလက ၄ က ကျောင်းသား သုံးယောက်လည်း သေဆုံးခဲ့ပါတယ်။

အဲသလို သေဆုံးခဲ့ကြတဲ့ မဝင်းမော်ဦး၊ မောင်သန်းဌေး၊ မောင်တင်ထွန်း ဆိုတဲ့ အလယ်တန်းကျောင်းသား ၃ ယောက်အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သံဃာတွေ ပင့်ဖိတ် ဆွမ်းကျွေးတဲ့ အခမ်းအနားကို ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အလက ၄ ကျောင်းသားဟောင်းတွေက ဦးစီးပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ခွင်ပြုချက် တောင်းခံပြီး တရားဝင် ပြုလုပ်ခဲ့ရာမှာ ဦးစီးပြုလုပ်သူတွေက အုပ်ချုပ်သူတွေထံ လက်မှတ်ရေးထိုးပြီး တာဝန်ယူခဲ့ကြရပါတယ်။

သေဆုံးသူ မဝင်းမော်ဦးရဲ့ ဖခင်ကတော့ မဝင်းမော်ဦး မသေဆုံးခင်မှာ ဒီမိုကရေစီ မရသေးရင် အမျှမဝေပါနဲ့လို့ မှာကြားခဲ့တဲ့ အတွက် ဒီနေ့အထိ အမျှမဝေသေးဘူးလို့ ဆိုပါတယ်။ မဝင်းမော်ဦးတို့ မျှော်လင့်လိုလားတဲ့ ဒီမိုကရေစီကို ဒီနေ့အထိ မရသေးဘူးလို့ သူ့အနေနဲ့ ယုံကြည် ယူဆတယ်လို့ ဆိုပါတယ်။