ငြိမ်းချမ်းရေး မူ အတော် များများကို အစိုးရနဲ့ တိုင်းရင်းသားတွေ သဘောတူ

  • 19 စက်တင်ဘာ 2013
SSA KNU and Vice President
Image caption သြဂုတ် လကုန်က RCSS/SSA အဖွဲ့၊ KNU အဖွဲ့နဲ့ ဒုတိယ သမ္မတတို့ နေပြည်တော်မှာ တွေ့ဆုံစဉ် သဘောထားတွေ တင်ပြခဲ့

မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ နိုင်ငံရေး အဆင့်ကို တက်လှမ်း နိုင်မယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ ဘက်က တင်ပြထားတဲ့ အချက်အလက် အတော် များများကို အစိုးရ ဘက်က သဘော တူတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်က Technical Team လုပ်ငန်း အဖွဲ့ အချင်းချင်း ဆွေးနွေးရာမှာ ပါဝင်ခဲ့တဲ့ RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ က ပြောပါတယ်။

တိုင်းရင်းသားတွေ စုစည်း ရေးဆွဲပြီး အချက် ၁၄ ချက်ပါ အပစ် အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးမှု မူဘောင် အတွက် သဘော တူညီချက်၊ နိုင်ငံရေး ဆွေးနွေးပွဲ တွေ မတိုင်ခင် ကြားကာလမှာ ဆောင်ရွက် ရမယ့် ကိစ္စရပ် တွေကို ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် တွေနဲ့ ဆွေးနွေးခဲ့စဉ်က တင်ပြ ထားခဲ့ပြီး ဖြစ်တယ်လို့ RCSS/SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလှက ပြော ပါတယ်။

အဲဒီ မူတွေထဲက အချက် အလက် အများစုကို အခြေခံပြီး အစိုးရ ဘက်က အချောကိုင် ပြုစု ထားတဲ့ မူကြမ်းကို အစိုးရ Technical Team ဘက်က သူတို့ကို ပေးခဲ့ကြောင်း သူက ပြောပါတယ်။

တိုင်းရင်းသား တွေရဲ့ တင်ပြချက်တွေ ထဲက ၉၉ ရာခိုင်နှုန်းကို လက်ခံတယ်လို့ အစိုးရ Technical Team ဘက်က ပြောတယ်လို့လည်း သူက ဆိုပါတယ်။

အစိုးရ ဘက်က ထပ်ဆင့် ပြုစု ထားတဲ့ မူကြမ်းကို လေ့လာ ပြီးရင် အခု လကုန် သို့မဟုတ် အောက်တိုဘာ လဆန်းမှာ ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ် နိုင်ဖို့ မျှော်လင့်ကြောင်း ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

အစိုးရက သူတို့ မူလ အဆို ပြုခဲ့တဲ့ အချက် ၈ ချက်ကို တရားဝင် ရုပ်သိမ်း တယ်လို့ မပြောပေမဲ့ လောလောဆယ် ဆွေးနွေးမှု တွေမှာ အဲဒီ လမ်းကြောငက်း အတိုင်း ဆက် မသွားတော့ဘူးလို့ အစိုးရ ဘက်က ဆွေးနွေးသူတွေက ပြောကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ရရှိဖို့ တိုင်းရင်းသားတွေ ဘက်က အစဉ် တစိုက် တောင်းဆိုလာခဲ့တဲ့ အတိုင်း အစိုးရ ဘက်က စဉ်းစား ဆောင်ရွက်နေတာ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေး ပွဲ အဆင့် ရောက်အောင် ကြိုးပမ်း နေတယ်လို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ