ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ရေကြီး

  • 19 စက်တင်ဘာ 2013
Image caption မြန်မာနိုင်ငံ ရေကြီးမှု မြင်ကွင်းကို တွေ့ရပုံ

ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ရေကြီး နေပါတယ်။

ကရင်ပြည်နယ် ကတော့ သံလွင်မြစ်ရေ မြင့်တက်လာတဲ့ အတွက် ဘားအံနဲ့ ရွေဂွန်က မြစ်ကမ်း မြေနှိမ့်ပိုင်းတွေမှာ ရေကြီးနေတာ ဖြစ်ပါတယ်။

ဘားအံမှာ စိုးရိမ်ရေ အမှတ်ထက် ၂ ပေကျော် မြင့်တင်နေပြီး ဘားအံနဲ့ ရွှေဂွန်းက ရေကြီးနေတဲ့ အခြေအနေကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ပြောပြရာမှာ ဒါဟာ တတိယ အကြိမ် ရေကြီးမှုလို့ ဆိုပါတယ်။

မိုးများတဲ့ အတွက်ကြောင့် ရေကြီးရတာ ဖြစ်ပြီး နှစ်လောက် ရေတွေ ကျန်နေသေးတယ်လို့ သူက ဆိုပါတယ်။

ခုဆိုရင် အိမ်ထောင်စု ၄ဝ၀ ကျော် ရေဘေး ဒုက္ခရောက် နေပြီး ဘားအံနဲ့ ရွှေဂွန်းနှစ်ခုပေါင်းရင် ဒုက္ခရောက်သူ ၁၅ဝဝ လောက် ရှိတယ်လို့ သူက ပြောပါတယ်။

ရွှေဂွန်းမှာ ကယ်ဆယ်ရေး စခန်းတခု ဖွင့်လှစ်ကာ ရေဘေး ဒုက္ခသည်တွေကို စောင့်ရှောက်ထားပြီး ဘားအံမှာတော့ ကယ်ဆယ်ရေး စခန်း လေးခုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေဘေး ဒုက္ခသည်တွေကို ဆန် ၊ ခေါက်ဆွဲ ၊ ကြက်ဥ ၊ ဆီ နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ စီစဉ် ပေးထားသလို ကလေးတွေကို ရေဘေးစခန်းမှာ ဆရာမတွေက ပြည်သူ့ နီတိ သင်ပေးနေတယ်လို့ သူက ဆိုပါတယ်။

တခါ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဖြစ်တဲ့ ဧရာဝတီတိုင်း၊ ဇလွန်ဘက်က ရေကြီးနေတဲ့ အခြေအနေကို ဇလွန်မြို့ခံ ကိုလင်းနိုင်ထွန်းက ပြောပြရာမှာ ကမ်းနား ရပ်ကွက် တခုလုံး ရေမြုပ်နေပြီး အိမ်ခြေ အလုံး သုံးဆယ်လောက် ရေဘေးသင့် နေတယ်လို့ ဆိုပါတယ်။

တရပ်ကွက်လုံးက လက်လုပ် လက်စားတွေ ဖြစ်တာကြောင့် အလုပ်မလုပ်နိုင်ကြဘဲ အဲဒီအတွက် ဝင်ငွေ မရသလို စားစရာလည်း မရှိဘူးလို့ သူက ပြောပါတယ်။

ဒီထက်ပိုပြီး ရေကြီးလာရင် ရေကာတာ ကျိုးသွားမှာကို တမြို့လုံးက စိုးရိမ် နေကြပြီး မြစ်အောက်ပိုင်းမှာ ဆိုရင် ရေတွေက လည်ပင်းလောက် ရောက်နေတယ်လို့ ဆိုပါတယ်။

မြို့သူမြို့သားတွေ အနေနဲ့ ရေကြီးတာထက် ကမ်းပြိုမယ့် အရေးကို ထိတ်လန့်နေကြတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

မြန်အောင်မြို့မှာ ဆိုရင် မြစ်ရေက စိုးရိမ်အမှတ်ထက် ၃ အထက်ကို ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်က အိမ်တချို့ ရေကြီးနေပြီး ရွာတွေဘက်မှာလည်း ရေကြီးမှုတွေရှိတယ်လို့ မြန်အောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းက ပြောပါတယ်။

မြန်အောင် တဖက်ကမ်း မိုးညိုဘက်မှာလည်း ရေကြီးမှုတွေ ဖြစ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

မန္တလေးတိုင်း ဧရာဝတီနဲ့ မြစ်ငယ်မြစ်ဆုံတဲ့ နေရာတွေမှာ ရေကြီးနေတာ အခုတော့ ရေပြန်ကျလာစ ဖြစ်နေပေမယ့် ရေဘေးဒုက္ခသည်တွေ ကတော့ အိမ်ပြန်လို့ မရသေးပဲ ကုန်းမြင့်တဲ့ ကားလမ်းပေါ်ကို တက်နေ နေရတုန်းဖြစ်ပါတယ်။

မန္တလေးဘက်က ဆင်းလာတဲ့ ရေတွေကြောင့် မင်းဘူး၊ အောင်လံ သရက် စတဲ့ ဧရာတီမြစ်ကမ်းခြေ အနှိမ့်ပိုင်းတွေ ရေကြီးနေပြီလို မန္တလေးက ဘီဘီစီသတင်းထောက် ကိုနေလင်းက ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ