ရဲတပ်ဖွဲ့နဲ့ လယ်သမား ရုန်းရင်းဆန်ခတ်ဖြစ်

  • 19 စက်တင်ဘာ 2013
Image caption ရွာသားတွေ ထိမ်းသိမ်းထားတဲ့ ရဲ ၂၇ ယောက်ကို ပြန်လည်ခေါ်ထုတ်သွားပြီဖြစ်

နေပြည်တော် ပုပ္ဗသီရိမြို့နယ်က ဝဲကြီးရွာမှာ ပြန်ကြားရေးဝန်ကြီးဌာနက သိမ်းထားတဲ့ လယ်မြေတွေပေါ်မှာ မူလ လယ်ပိုင်ရှင်တွေက ဝင်ရောက် ထွန်ယက်ခဲ့လို့ အဲဒီ ထွန်ယက်တဲ့ လယ်သမားတွေကို နယ်မြေခံ ရဲက ဝင်ရောက် ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်မှု တစ်ခု စက်တင်ဘာ ၁၈ ညက ဖြစ်ခဲ့ပါတယ်။

နေပြည်တော် ဇမ္ဗူသီရိနဲ့ ပုပ္ဗသီရိ မြို့နယ် အစပ်က ဝဲကြီး၊ ရင်ခွဲပြင်နဲ့ ဝံပြန်ကျေးရွာ ၃ရွာက ပိုင်ဆိုင်တဲ့ ဧက ၅၀၀ ကျော်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၀၃ နဲ့ ၂၀၀၅ ခုနှစ် လောက်ကတည်းက သိမ်းယူထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီမြေနေရာတွေမှာ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် သတင်းစာတိုက်တွေနဲ့ စက်ရုံတွေ ဆောက်ထားပြီး စက်တင်ဘာ ၁၇ ရက် နေ့မှာတော့ ပိုနေတဲ့ မြေတွေပေါ်ကို ဝဲကြီး ရွာသားတွေက ဝင်ရောက် ထွန်ယက် ခဲ့ကြတယ်လို့ သိရပါတယ်။

အဲလို ထွန်ယက်တဲ့ မြေတွေဟာ ပြန်ကြားရေးက သိမ်းဆည်းထားတဲ့ မြေတွေဖြစ်လို့ ဝင်ရောက် ကျူးကျော်တယ်ဆိုပြီး ထွန်ယက်သူ ဝဲကြီးရွာသားတွေကို ဖမ်းဖို့ စက်တင်ဘာ ၁၈ ရက်ညက ရဲအင်အားအလုံးရင်းဟာ ဝဲကြီးရွာက လယ်သမားအရေး ဦးဆောင်သူ ကိုဇော်လတ်အိမ်ကို ၀င်ရောက်စီးနင်းရာမှာ ရွာသားတွေက ရဲတွေကို ပြန်ဝိုင်းလိုက်ပြီး ရဲ ၂၇ ယောက်ကို ထိန်းသိမ်းထားခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက် မိုးလင်းချိန်မှာတော့ ရဲစခန်း ၅ ခုက ရဲ အယောက် ၂၀၀ ကျော် ထပ်မံရောက်လာပြီး ရွာသားတွေ ထိန်းသိမ်းထားတဲ့ ရဲ ၂၇ ယောက်ကို ပြန်ခေါ်ထုတ်သွားတယ်လို့ ရွာသားတွေ အကူအညီနဲ့ လွတ်မြောက်သွားသူ ကိုဇော်လတ်က ရှင်းပြပါတယ်။

သူက ပြောဆိုရာမှာ လျော်ကြေး မရရှိသေးတဲ့ မြေသိမ်းခံရသူ လယ်သမား ၃၈ ဦး ကျန်ရှိနေသေးကြောင်းနဲ့ လျော်ကြေးငွေကို ကာလပေါက်ဈေးအတိုင်း ပေးလျော်တာကို အလိုရှိနေကြကြောင်း၊ သိမ်းယူထားတဲ့ မြေတွေထဲက ဧက ၃၀၀ လောက်ကို ပြန်ကြားရေးဌာနက အသုံးမပြုဘဲ ပစ်ထားတာကြောင့် အဲဒီ အသုံးမပြုတဲ့ မြေတွေကိုတော့ မြေအတိုင်း ပြန်လိုချင်နေကြကြောင်း ဆက်လက် ပြောဆိုသွားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကို ဘီဘီစီက ဆက်သွယ်မေးကြည့်တော့ ရဲတွေ ဝင်ဖမ်းတဲ့ကိစ္စကို သူ မသိသေးတဲ့ အကြောင်း၊ လျော်ကြေး မရသေးတဲ့ ၃၈ ဦးထဲက တချို့ဟာ မြေပိုင်ဆိုင်တဲ့ အထောက်အထား မခိုင်လုံလို့ဖြစ်ကြောင်း၊ တချို့ အထောက်အထား ပြနိုင်တဲ့ သူတွေကိုတော့ ပြန်လည် ညှိနှိုင်းပြီး လျော်ကြေးငွေ ထုတ်ပေးနေပြီ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

လယ်သိမ်းခံထားရတဲ့ လယ်သမားတွေကတော့ စီမံကိန်း ဧရိယာထဲ ပါသွားတဲ့မြေတွေကို ကာလတန်ကြေး ပေးမယ်ဆိုရင် ယူမယ့်အကြောင်းနဲ့ စီမံကိန်း မလုပ်သေးတဲ့ မြေတွေကိုတော့ သူတို့ ပြန်လည် လုပ်ကိုင်စားလိုကြောင်း ဘီဘီစီကို ပြောပါတယ်။