ရှမ်းပြည်မြောက်ပိုင်းမှာ တင်းမာမှုတွေ ရှိနေ

  • 20 စက်တင်ဘာ 2013
ssa_sspp_soldiers_nocredits_
Image caption ငြိမ်းချမ်းရေး ဆွေးနွေးနေပေမယ့် တင်းမာနေဆဲ

ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ ခရိုင်ဘက်က မြို့နယ် တချို့မှာ ဒီရက်ပိုင်း အတွင်း အစိုးရနဲ့ အပစ်အခတ် ရပ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်ဖွဲ့တွေ အကြား တိုက်ပွဲတချို့ ဖြစ်ခဲ့ပြီး တင်းမာမှုတွေ ဆက်ရှိ နေတယ်လို့ သိရပါတယ်။

နောက်ဆုံး အခြေအနေ နဲ့ ပတ်သက်လို့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA ရဲ့ ပြန်ကြားရေးနဲ့ ဆက်ဆံရေး ဌာနက ဗိုလ်ကြီး စိုင်းဖုန်းဟန်က ဘီဘီစီကို ပြောကြားရာမှာ လတ်တလောမှာ တင်းမာ နေတဲ့ အနေအထား ရှိကြောင်း၊ လောလောဆယ် တိုက်ပွဲ ဖြစ်နေတာမျိုး မရှိပေမယ့် အချိန်မရွေး ထပြီး ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

အဲဒီ နယ်မြေအတွင်းမှာ နှစ်ဘက် စလုံးက တပ်တွေ လှုပ်ရှား နေကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁၇ ရက် နေ့က ထိတွေ့မှုတွေ ဖြစ်ခဲ့ကြတယ်လို့ လည်း ဆိုပါတယ်။ လာရှိုး- မူဆယ်- နမ့်ခမ်း ကားလမ်းရဲ့ မြောက်ဘက်ခြမ်းမှာ SSPP/SSA တပ်တွေ မရှိစေချင်တဲ့ သဘောလို့ သိရကြောင်း ပြောပါတယ်။

အခုလို တိုက်ပွဲတွေ ဖြစ်လို့ အဲဒီ ဒေသအတွင်းက ရွာတွေက ရွာသူ ရွာသား တွေမှာ အထိတ်တလန့် ဖြစ်ရပြီး စိုးရိမ်နေကြတယ်လို့ သိရကြောင်းနဲ့ အပစ် ရပ်စဲရေး လုပ်ထား ပေမယ့် အောက်ခြေက တပ်တွေ အကြား အခုလို ထိတွေ့မှုတွေ ဖြစ်နေတာက ယုံကြည်မှုကို ထိခိုက်စေတယ်လို့လည်း ဆိုပါတယ်။

သောကြာနေ့ မှာတော့ တောင်ကြီးမြို့မှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ SSPP/SSA တို့ ဆွေးနွေးဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ