ရွာသား ၁၀ ဦးကို ပုဒ်မ ၃ခုနဲ့ အမှုဖွင့်

  • 20 စက်တင်ဘာ 2013
Image caption ရဲတွေကို ပိုင်နက်ကျူးလွန်မှု၊ ဖောက်ထွင်းမှုတွေနဲ့ ပြန်စွဲမယ်ဆို

နေပြည်တော် ပုပ္ဗသီရိမြို့နယ် ကျဉ်တောင်ကန် ရဲစခန်းကနေ ဝဲကြီး ရွာသား ၁၀ ယောက်ကို ပုဒ်မ ၃ခုနဲ့ အမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ပြန်ကြာရေးဝန်ကြီးဌာနက သိမ်းထားတဲ့ လယ်ယာမြေတွေပေါ်မှာ လယ်သိမ်းခံ တောင်သူတွေက ဝင်ရောက်ထွန်ယက်လို့ ထွန်ယက်တဲ့ ဝဲကြီးရွာသားတွေကို စက်တင်ဘာ ၁၉ ရက်နေ့က ဖမ်းဖို့ ရဲကနေ ဝင်ရောက်စီးနှင်းခဲ့ရာမှာ ဒေသခံ ရွာသားတွေက ပြန်ဝိုင်းပြီး ရဲတွေကို ပြန်ဖမ်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ၁၀ ယောက်ထဲက တစ်ဦးဖြစ်တဲ့ ကိုဇော်လတ်က ရဲတွေဝင်စီးတုန်းက အခြေအနေကို ပြောပြရာမှာ ရဲတွေက သူ့အိမ်ကို အနုကြမ်းစီးတဲ့ ပုံစံနဲ့ ဝင်လာပြီး သူ့အမျိုးသမီးနဲ့ သမီးကိုပါ ကိုယ်ထိလက်ရောက် စော်ကားတာကို ခံကြရကြောင်း၊ အဲဒါကြောင့် သူ့ဘက်ကလည်း ပိုင်နက်ကျူးလွန်မှု၊ ဖောက်ထွင်းမှုတွေနဲ့ ပြန်လည် တရားစွဲဆိုဖို့ရှိကြောင်း ပြောပြသွားပါတယ်။

သူတို့ကို ရဲက စွဲဆိုထားတဲ့ ပုဒ်မ ၃၃၃ ကတော့ အစိုးရဝန်ထမ်းကို တာဝန်ထမ်းဆောင်နေစဉ် နာကျင်အောင်ပြုလုပ်မှု၊ ၂၉၄ က ညစ်ညမ်းစွားဆဲဆိုမှု နဲ့ ၁၁၄ ကတော့ ရဲတွေကို အကြမ်းဖက်မှု ဖြစ်စဉ်မှာ အားပေးကူညီမှုတွေ ဖြစ်တယ်လို့ ရဲစခန်းကို သွားရောက် စုံစမ်းခဲ့တဲ့ ပုပ္ဗသီရိမြို့နယ် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦဖြိုးဇေယျာသော်ရဲ့ ကိုယ်ရေးအရာရှိ ဦးခင်မောင်တင့်က ပြောပါတယ်။