ရခိုင်လူမှုရေးတက်ကြွသူတွေကို လွှတ်တော် ဥက္ကဌ ဦးရွှေမန်း တွေ့ဖို့ရှိ

  • 21 စက်တင်ဘာ 2013
Image caption ရခိုင် လွှတ်တော် အဆောက်အဦကို မြင်တွေ့ရပုံ

ရခိုင်ပြည်နယ် ၁၇ မြို့နယ်က လူမူရေး တက်ကြွ ဆောင်ရွက်နေတဲ့ ရခိုင် အမျိုးသား ခေါင်းဆောင်တွေ အပါအ၀င် ရန်ကုန် လူမူအဖွဲ့အစည်းက ခေါင်းဆောင်တွေကို ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက ရန်ကုန်မှာ ဒီလ ၂၉ ရက်နေ့မှာ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ် ထဲက မြို့နယ် တစ်ခုစီက ကိုယ်စားလှယ် သုံးဦးနှုန်းနဲ့ လူပေါင်း ၅၁ ဦးကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဒါ့ပြင် ရန်ကုန် လူမူ အဖွဲ့အစည်းတွေ ခေါင်းဆောင် အချို့ကိုလည်း ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကိုတော့ စက်တင်္ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်မှာ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် တက်ရောက်မယ့် စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းက ဘီဘီစီကို ပြောပြရာမှာ ရခိုင်ပြည်နယ် လုံခြုံရေး ၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး တို့ကို ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒုတိယ အနေနဲ့ ရခိုင်ပြည်နယ်က လျှပ်စစ် ကဏ္ဍ ၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍ တို့ကိုလည်း ဆွေးနွေးမှာ ဖြစ်ကြောင်း သူက ပြောပြီး ရခိုင်ပြည်နယ် ရေရှည် ဖွံ့ဖြိုးရေးကို ရှေးရှုမှာ ဖြစ်သလို ရခိုင် လူငယ်တွေရဲ့ စွမ်းရည် မြှင့်တင်သွားဖို့ကိုလည်း ဖော်ပြထားတယ်လို့ သူက ပြောပါတယ်။

အခုအခါမှာတော့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ကိုယ်စားလှယ်တွေ ရွေးချယ်နေကြပြီး တင်ပြမယ့် စာတန်းတွေကိုလည်း ပြုစုနေကြပါတယ်။

အဲသလို တင်ပြကြတဲ့ အထဲမှာ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေကို အဓိက ထား တင်ပြဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းမှာ ရှိနေတဲ့ လူမူ အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးကတော့ လုံခြုံရေး ကိစ္စရပ်တွေ အပါအ၀င် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကိုပါ တင်ပြ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အခု ပြည်ထောင်စု လွှတ်တော် ဥက္ကဌလည်း ဖြစ်၊ ပြည်သူ့ လွှတ်တော် ဥက္ကဌလည်း ဖြစ်တဲ့ သူရ ဦးရွှေမန်းရဲ့ ရခိုင်ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို ခေါ်ယူ တွေ့ဆုံမယ့် အစီအစဉ်ဟာ ပထမဆုံး အကြိမ် ဖြစ်ပြီး ခုအစီအစဉ်ဟာ ထူးခြားမူလည်း ရှိနေတဲ့ အတွက် ရခိုင်ဒေသ ခေါင်းဆောင်တွေကတော့ ရခိုင်ပြည်နယ် အတွက် တစုံတစ်ရာ အကျိုး ရှိလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။