စင်ကာပူထိပ်သီးညီလာခံ ဒေါ်အောင်ဆန်းစုကြည်တက်

  • 22 စက်တင်ဘာ 2013
_bbc_suu_304x171
Image caption စင်ကာပူ ဆွေးနွေးပွဲတက် ဒေါ်အောင်ဆန်းစုကြည်

ဒေသတွင်းစီးပွားရေး ခေါင်းဆောင်တွေ အဓိက တက်ရောက်ကြတဲ့ စင်ကာပူ ထိပ်သီးညီလာခံ မှာ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ဆွေးနွေး ချက် တွေ ပါဝင်ခဲ့ပါတယ်။

ဒီအကြောင်း အရာတွေ ကတော့ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး နဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး တွေ အဓိက ထား ကြတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင် က ပြောပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန် နိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ဟောင်း က မြန်မာ အစိုးရ ကိုင်တွယ်ပုံ သဘောထား ကို မေးရာမှာ ဒီအရေး ကိစ္စ ဟာ မြန်မာနိုင်ငံ တွင်း ကြုံရတဲ့ ပြဿနာ တွေ အနက် ခက်ခဲတဲ့ အထဲ မှာ ပါဝင်တဲ့ အကြောင်း၊ ဒါကို ဖြေရှင်း ဖို့ တရားဥပဒေ စိုးမိုးဖို့ လိုတဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးပြီး အကြမ်းဖက်မှု တွေ မရှိမှ အတူတကွ ထိုင်ပြီး ဆွေးနွေး ဖြေရှင်း လို့ ရမယ့် အကြောင်း တွေ ဒေါ်အောင်ဆန်းစုကြည် က ဖြေသွားပါတယ်။

အာဆီယံ အဖွဲ့ အနေနဲ့ လည်း ပြဿနာ ရဲ့ အတိမ်အနက် ကို ပိုပြီး နားလည် အောင် ကြိုးစားသင့် တဲ့ အကြောင်းတွေ ဒေါ်အောင်ဆန်းစုကြည် က ဖြေသွားပါတယ်။ အခုလို ဘာသာရေး၊ လူမျိုးရေး နဲ့ နွယ်တဲ့ ပဋိပက္ခ တွေ ကြုံခဲ့ဖူးတဲ့ အင်ဒိုနီးရှား နိုင်ငံ ဒုတိယ သမ္မတ ယူစွတ်ကလား ကို မေးကြည့်ရာမှာတော့ ၊ ဒီကိစ္စတွေ ကို လွယ်လွယ် နဲ့ ဖြေရှင်း လို့ မရပုံ၊ အင်ဒိုနီးရှား နိုင်ငံ မှာ ၆၈ နှစ် အတွင်း ၁၅ ကြိမ် အထိ ဘာသာရေး ပဋိပက္ခ တွေပေါ် ပေါက်ခဲ့ ကြောင်း၊ ဘာသာရေး အစွန်းရောက်သူတွေ ဟာ သတ်ဖြတ်မှု တွေ ပြုရင် ကောင်းကင်ဘုံ ကို ရောက်မယ် လို့ ယုံကြည်ကြတဲ့ အကြောင်း၊ ဒီ ပြဿနာ အစွဲ ကို ဖြေရှင်းရာမှာ ပါဝင် ပတ်သက်မှု ရှိနေတဲ့ လူ့ အဖွဲ့ အစည်း တွေ ကို ဖွံ့ဖြိုး တိုးတက် အောင် လုပ်ဖို့ လိုတယ် လို့ အင်ဒိုနီးရှား နိုင်ငံ ဒုတိယ သမ္မတ ယူစွတ်ကလား က ဖြေကြားပါတယ်။

တခါ ဒေသတွင်းမှာ စျေးကွက် အသစ်ဖြစ်တဲ့ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံမှု ပြုရင် ဘယ်လို အခွင့်အလမ်းနဲ့ စိန်ခေါ်မှု တွေ ရှိနိုင်မလည်း၊ ဒေသတွင်း နိုင်ငံတွေ အသွင်ကူးပြောင်းမှု ကြောင့် စီးပွားရေး အပေါ် ဘယ်လို အကျိုးသက်ရောက် မှု တွေ ရှိမလည်း ဆိုတာတွေ ဆွေးနွေးကြတဲ့ အကြောင်း၊ စင်ကာပူမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင် က ပြောပါတယ်။