မြန်မာ့စီးပွားရေး ဖွဲ့စည်းပုံအခြေခံပြင်ဆင်နိုင်ရေး အပေါ်မူတည်နေ

  • 21 စက်တင်ဘာ 2013
dassk
Image caption မြန်မာ့စီးပွားရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ ဆက်စပ်ကြောင်း ပြော

မြန်မာနိုင်ငံမှာ စိတ်ချလက်ချ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ တည်ငြိမ်မှု ရှိဖို့ လိုအပ်ပြီး အဲဒီ တည်ငြိမ်မှုကို ရဖို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်မှ ဖြစ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

စင်ကာပူ ထိပ်သီးညီလာခံ မှာ Myanmar in Transition ဆိုတဲ့ ခေါင်းစဉ် နဲ့ ဒေါ်အောင်ဆန်း စုကြည် က ဟောပြောစဉ် မြန်မာပြည်မှာ ဥဒေစိုးမိုးမှုမရှိလို့ ရင်းနှီးမြှုပ်နှံမှုတွေ စိတ်မချရဘူး လို့ စီးပွားရေးသမားတွေ က မြင်ကြောင်း၊ ရင်းနှီးမြှုပ်နှံနိုင်ဖို့ အတွက် နိုင်ငံရေး တည်ငြိမ်ဖို့ လိုတယ်၊ အဲဒီအတွက် ဒီမိုကရေစီ ကို အပေါ်ယံ ပုံစံသက်သက် မဟုတ်ဘဲ ဒီမိုကရေစီ အလေ့အထ နဲ့ ယဉ်ကျေးမှု ထွန်းကား နိုင်အောင် ဖွဲ့စည်းပုံ ဥပဒေ ကို ပြင်ဖို့ လိုအပ် တဲ့ အကြောင်း ပြောပါတယ်။

ဒီမိုကရေစီ ကို အသွင်ကူးပြောင်းမယ်ဆိုရင် လူတွေမှာ ရွေးချယ်ခွင့်ရှိရ မယ်၊ အားလုံး ပါဝင်နိုင်တာ ဖြစ်ရမယ်၊ အဲဒီလိုပါတယ် ဆိုရာမှာလည်း ရုပ်ပိုင်းဆိုင်ရာ သက်သက် မဟုတ်ဘဲ ပါဝင်သူ အားလုံးကြားမှာ စံတန်ဖိုးတွေ တူညီတယ်၊ တကယ်ပဲ ပါဝင်ခွင့်ရတယ်ဆိုတာကို ခံစားနိုင်ရမယ် လို့ သူက ဟောပြော ခဲ့ပါတယ်။

ပြီးတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတဲ့အပေါ် အလွန်အကျွံ အကောင်း မမြင်ကြဖို့ နဲ့ မြန်မာ့ လူဦးရေ ရဲ့ ၇၀ ရာခိုင်နှုန်း ဖြစ်တဲ့ ကျေးလက်နေ ပြည် သူတွေ ရဲ့ဘဝ ကို လေ့လာပြီး လွန်ခဲ့တဲ့ သုံးနှစ် အတွင်း သူတို့ ဘဝတွေ ဘယ်လောက် ပြောင်းလဲ သွားပြီလဲ ဆို တာ မေးကြည့် သင့်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က အကြံပေး သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ