အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားများ

  • 21 စက်တင်ဘာ 2013
Image caption ရန်ကုန်မြို့ အခမ်းအနားမှာ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မတီက ဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်

စက်တင်ဘာ ၂၁ ရက် နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်း အနား အတွက် ရန်ကုန်မြို့ မှာတော့ လမ်းလျှောက် ချီတက်ပွဲတွေ ဆုတောင်း ပွဲတွေကို မိုးဖွဲဖွဲ မိုးသဲသဲ အောက်မှာ အေးအေး ချမ်းချမ်းပဲ ကျင်းပခဲ့ကြ ပါတယ်။

ဒါပေမယ့် ကျင်းပသူတွေ ၊ ပါဝင်ဆင်နွဲသူတွေ ရင်ထဲ မှာတော့ မအေးချမ်း နိုင်ကြပဲ မြန်မာ ပြည်တွင်းက ပဋိပက္ခ မျိုးစုံ အတွက် စိုးရိမ် နေကြ ရတဲ့ အကြောင်း ပွဲစီစဉ် သူတွေက ပြောပါတယ်။

ရန်ကုန် မရမ်းကုန်း မြို့နယ်မှာ ပြုလုပ်တဲ့ အခမ်း အနားကိုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦး အပါ အဝင် နိုင်ငံရေး သမား တချို့၊ တက်ကြွ လှုပ်ရှား သူတွေနဲ့ လူငယ် အဖွဲ့ အစည်း တွေ လည်း တက်ရောက်ကြ ပါတယ်။

တခါ ရန်ကုန်မြို့လယ် မှာတော့ မြို့တော် ခန်းမ ကနေ ပြည်သူ့ ရင်ပြင်ထိ လူ ရာဂဏန်းလောက်က ငြိမ်းချမ်းရေး လမ်းလျှောက် ချီတက် ပွဲ လုပ်ခဲ့ သလို ပြည်သူ့ ရင်ပြင် မှာတော့ ငြိမ်းချမ်းရေး ဂီတပွဲ၊ ပညာပေး လှုပ်ရှားမှုတွေလည်း လုပ်ခဲ့ ပါတယ်။

ဒီနှစ်ရန်ကုန်မြို့က အခမ်း အနားမှာတော့ အရင်နှစ်တုန်း ကလို မဟုတ်ပဲ တားဆီး တာတွေ၊ ဖမ်းဆီး တရားစွဲ ခံရတာတွေ မရှိဘူးလို့ ပွဲစီစဉ်သူ တစ်ဦး ဖြစ်တဲ့ မျိုးဆက်သစ် လူငယ်များ Generation Wave က ကိုမိုဃ်းသွေးက ပြောပါတယ်။

မန္တလေး မြို့တော် ခန်းမမှာလည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်း အနားနဲ့ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်း အနားတွေမှာ ငြိမ်းချမ်းရေး စကားသံတွေ ညံခဲ့ သလို ဒီအသံတွေဟာ ငြိမ်းချမ်းရေး အတွက် တွန်းအား တရပ် ဖြစ်လိမ့် မယ်လို့ ပွဲ စီစဉ်သူတွေနဲ့ ပါဝင် လှုပ်ရှားသူတွေက မျှော်လင့်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ