အခြေခံ ဥပဒေ ပြင်မှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

  • 22 စက်တင်ဘာ 2013
Image caption ဒေါ်အောင်ဆန်း စုကြည်ရဲ့ အချက်ကျကျ ပြောစကားတွေကို ပရိသတ် သဘောကျ

မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ရဖို့နဲ့ မြန်မာ နိုင်ငံသားတွေကို အကာအကွယ် ပေးနိုင်ဖို့ အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်မှ ဖြစ်မယ်လို့ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ပြည်ပမှာ ရှိတဲ့ မြန်မာတွေကိုလည်း မြန်မာပြည် တိုးတက် ချမ်းသာ လာတဲ့ အထိ စောင့်မနေပဲ အဲဒီလို တိုးတက်အောင် ဝိုင်းဝန်း ကူညီကြဖို့လည်း ဒေါ်အောင်ဆန်း စုကြည်က စင်ကာပူနိုင်ငံမှာ မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံတဲ့ ပွဲမှာ တိုက်တွန်း သွား ပါတယ်။

နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေးက အစ နိုင်ငံခြားမှာ မြန်မာတွေ မျက်နှာငယ် ရတယ် ဆိုတာကို ဘယ်လို ပြုပြင် ကြမလဲ ဆိုတဲ့ အကြောင်းတွေအထိ ဒေါ်အောင်ဆန်းစုကြည်က အတော်လေး စုံစုံလင်လင် ပြောသွားပါတယ်။

အဲဒါအားလုံးကို ဖြေရှင်း နိုင်အောင် ပြည်သူတွေ တကယ် ရွေးချယ်ခွင့် ရှိတဲ့ ဒီမိုကရေစံနစ် ထူထောင်ဖို့ အတွက် ဖွဲ့စည်းပုံ ဥပဒေကို ပြင်မှ ရမယ် ဆိုပြီး သူက လေးလေးနက်နက် ပြောသွားခဲ့ပါတယ်။

အခု မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနဲ့ သူမကြာခင်က သွားခဲ့တဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက်သမ္မတ နိုင်ငံတို့မှာ ဖြစ်ခဲ့တဲ့ အခြေအနေချင်း မတူကြောင်းနဲ့ ဖွဲ့စည်းပုံ ဥပဒေ ရေးဆွဲရာမှာလည်း မတူကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

တခါ လာဘ်ပေး လာဘ်ယူမှုတွေ တိုက်ဖျက်ဖို့ အတွက် ပေးတဲ့သူ ဖက်ကလည်း မပေးမိအောင် ကြိုးစားဖို့ လိုကြောင်းနဲ့ ဥပဒေအရလည်း အရေးယူဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက်ရာမှာ ရင်းနှီး မြှုပ်နှံသူတွေဖက်က အခြေခံ အဆောက်အဦတွေပါ တည်ဆောက်ပေးဖို့ မျှော်လင့်မယ့် အစား အစိုးရက စီမံကိန်း ချပြီး ဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အာမခံ နိုင်အောင် ဥပဒေ စိုးမိုးမှု ရှိဖို့ ကိစ္စတွေကို ပြောသွားပါတယ်။

ဒီတွေ့ဆုံပွဲတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချက်ကျကျ ထိထိမိမိ ပြောခဲ့တဲ့ စကားတွေကို ပရိသတ်က လက်ခုပ် သြဘာ ပေးခဲ့ကြပါတယ်။

ဒီပွဲကို ခန့်မှန်းခြေ ပရိသတ် ခြောက်ထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။