ဟုန်ရှင်း အလုပ်သမားတွေ မြို့တော်ခန်းမရှေ့ သပိတ်စခန်းဖွင့်

  • 22 စက်တင်ဘာ 2013
Honshin
Image caption လျော်ကြေးမလို အလုပ်သာလိုသည်ဟု ဆို

ဒဂုံဆိပ်ကမ်းစက်မှုမြို့ ဟုန်ရှင်း အအေးခန်းစက်ရုံက အလုပ်သမားတွေဟာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒပြနေကြပါတယ်။

သပိတ်စခန်းရှေ့မှာ လုံခြုံရေး အယောက် ၅၀ လောက် နေရာ ယူထား သလို ၊ မြို့တော် ခန်းမ အတွင်း မှာ လည်း လုံခြုံ ရေးတွေ ကား ၈ စီးနဲ့ စောင့်ဆိုင်း နေကြ ပါတယ်။

ညဘက်ပိုင်းမှာတော့ လုံခြုံရေးတော်တော်များများ ပြန်လည် ရုပ်သိမ်းသွားပေမဲ့ မြို့တော်ခန်းမရှေ့ကို မီးမှောင်ချထားပါတယ်။

ဟုန်ရှင်း စက်ရုံမှာ နှာခေါင်းစည်းမတပ်လို့ အငြင်းအခုန် ဖြစ်ရာကစပြီး အလုပ် သမား သမဂ္ဂ ခေါင်းဆောင် ၂ ယောက်ကို စက်ရုံက အလုပ် ဖြုတ်ပစ် လိုက် ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင် ၂ ယောက်ကို အလုပ်ပြန်ခန့်ဖို့ အပါအဝင် တခြားအလုပ်သမား အခွင့်အရေးတွေကိုပါ အလုပ်သမားတွေက တောင်းဆိုဆန္ဒပြရာမှာ အလုပ်ရှင် အလုပ်သမား သမဂ္ဂဖြစ်ပွားပြီး ၊ ဝါဏိဇ္ဇ ပဋိပက္ခ ခုံရုံးက ဝင်ရောက် ဖြေရှင်းပေးခဲ့ပါတယ်။

ခုံရုံးရဲ့ ဖြေရှင်းချက်အရ အလုပ်သမား ခေါင်းဆောင် တွေကို အလုပ်ပြန်ခန့်ဖို့ အပြင် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တချို့ကိုပါ အလုပ်ရှင်က သဘောတူခဲ့ရပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ စက်ရုံက လုပ်ငန်းရပ်ဆိုင်းလိုက်ပြီးလို့ ကြေညာပြီး အလုပ်သမားအားလုံးကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။

ဒါပေမဲ့ စက်ရုံကို နာမည်သစ်ပြောင်းပြီး အလုပ်သမား အသစ်တွေနဲ့ လည်ပတ်မယ်လို့ အလုပ်သမားတွေဘက်က ယုံကြည်နေကြပါတယ်။

အလုပ်သမား အားလုံး အလုပ်ထုတ်ခံရတဲ့ အတွက် အလုပ်သမားတွေက မကျေနပ်လို့ အခုလို ဆန္ဒပြနေကြတာဖြစ်ပါတယ်။