NLD ထက် ပိုထိရောက်အောင် လုပ်နိုင်တဲ့ ပါတီ မရှိလို့ ဒေါ်စုပြော

  • 23 စက်တင်ဘာ 2013
Daw Aung San Suu Kyi Presser
Image caption တနင်္လာနေ့က စင်ကာပူ နိုင်ငံမှာ ဒေါ်အောင်ဆန်း စုကြည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

အန်အယ်ဒီ ပါတီဟာ မြန်မာနိုင်ငံမှာ အထိရောက်ဆုံး ပါတီ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စင်ကာပူ နိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး အကြောင်း သတင်းထောက်တွေက မေးကြတဲ့အခါ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဖို့ လိုတယ်၊ ၂၀၁၅ မတိုင်ခင် ဖွဲ့စည်းပုံကို မပြင်နိုင်ရင်၊ ဖွဲ့စည်းပုံကို ပြင်လိုက်တာထက် ပြဿနာတွေ ပိုကြုံလာ ရနိုင်တယ်လို့ ပြောပါတယ်။

တစ်ခါ NLD ပါတီမှာ လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ ရှိနေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိတာမို့ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ် ဆိုရင်တောင် မြန်မာနိုင်ငံကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်ပြီလား ဆိုတဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်မှာ အန်အယ်ဒီလောက် လုပ်ရည်ကိုင်ရည် ရှိတဲ့ နောက်ထပ် ပါတီ ရှိရင် ပြပါလို့ ပြန်လည် စိန်ခေါ်သွားကြောင်း သတင်းစာ ရှင်းလင်းပွဲ တက်ရောက်တဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မြန်မာနိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ မေးရာမှာလည်း ဘယ်နိုင်ငံမှ အဂတိ လိုက်စားမှု လုံးဝ ကင်းစင်တယ်ဆိုတာ မရှိဘူး၊ မြန်မာနိုင်ငံမှာ ဒီလိုပြဿနာ ရှိပေမယ့် လူတွေက အဂတိ လိုက်စားတယ် ဆိုတာကို လက်ခံနိုင်စရာ လုပ်ရပ်အဖြစ် မမြင်ကြဘူးလို့ ဖြေသွားပါတယ်။

မြန်မာ့ တပ်မတော်နဲ့ ပတ်သက်လို့တော့ တစ်ချိန်မှာ လူတွေ ချစ်ခင်လေးစားပြီး ဂုဏ်ယူစရာ အဖွဲ့အစည်းမျိုး ပြန်ဖြစ်လာဖို့ မျှော်လင့် ယုံကြည်တယ်လို့ သူက ပြောပါတယ်။

စစ်တပ်ဟာ စစ်တပ်ရဲ့ အလုပ်ကိုပဲ ထိထိရောက်ရောက် လုပ်ဖို့နဲ့ အရပ်ဘက် အလုပ်ကို အရပ်သား အစိုးရကပဲ လုပ်တာမျိုးကို လိုလားသူတွေ အများကြီး ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

မြန်မာပြည်မှာ တရုတ် စီးပွားရေး လုပ်ငန်းတွေ နည်းလာတာနဲ့ ပတ်သက်ပြီး တရုတ် သတင်းထောက်က မေးရာမှာ ပြီးခဲ့တဲ့နှစ် ၂၀ လောက်အတွင်း တရုတ် စီးပွားရေး လုပ်ငန်းတွေဟာ စစ်အစိုးရ အာဏာခိုင်မြဲအောင် အထောက်အကူ ဖြစ်စေခဲ့တယ်လို့ မြင်ကြသူတွေ အများကြီး ရှိကြောင်းနဲ့ တရုတ် စီးပွားရေး လုပ်ငန်းတွေက ပိုပြီး တာဝန်ရှိရှိ လုပ်ဆောင်ရင် နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို အဆင်ပြေလာလိမ့်မယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့ မနက်ပိုင်းက စင်ကာပူ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပေမယ့် ဘာတွေ ဆွေးနွေးတယ် ဆိုတာ ထုတ်ဖော် ပြောဆိုဖို့ ငြင်းခဲ ပါတယ်။

အင်္ဂါနေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ