ဟုန်ရှင်း အလုပ်သမားတွေ အိမ်ပြန်ပြီ

  • 23 စက်တင်ဘာ 2013
သပိတ်စခန်းကို ဖျက်သိမ်းပြီး အိမ်ပြန်သွားကြပြီ

ရန်ကုန် မြို့တော်ခန်းမ ရှေ့မှာ တနင်္ဂနွေနေ့ နေလည်ပိုင်းက တည်းက သပိတ်စခန်း ဖွင့်ပြီး တောင်းဆို ဆန္ဒပြ နေကြတဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်း အအေးခန်း စက်ရုံက အလုပ်သမားတွေဟာ ဒီနေ့ည ၇ နာရီမှာ တောင်းဆိုချက်တွေ ရရှိခဲ့ပြီဖြစ်လို့ သပိတ်စခန်း ရုပ်သိမ်းပြီး အိမ်ပြန်သွားကြပြီလို့ သိရပါတယ်။

သပိတ်မှောက် အလုပ်သမား ခေါင်းဆောင် တချို့နဲ့ ရန်ကုန်တိုင်း ဒေသကြီးက ဝန်ကြီး ဦးစိုးမင်းနဲ့ အန်အယ်ဒီ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်း အပါအဝင် တာဝန် ရှိသူတွေဟာ ဒီကနေ့ ညနေ ၃ နာရီလောက်က စပြီး စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာ သဘောတူညီချက် ရခဲ့ကြတာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ပိုင်ရှင်ကနေ ပိတ်ထားတဲ့ ဟုန်ရှင်း စက်ရုံကို နောက်နာမည်အသစ်နဲ့ ထပ်ဖွင့်တာမျိုး မလုပ်ဖို့၊ အလုပ်သမားတွေကို နစ်နာကြေးပေးဖို့နဲ့ အလုပ်အကိုင် ရှာဖွေရာမှာ အကူအညီပေးဖို့ စတဲ့ အချက်တွေနဲ့ သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဟုန်ရှင်း စက်ရုံမှာ လုပ်ငန်းရှင်နဲ့ အလုပ်သမားအကြား ပဋိပက္ခဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ ပိုင်ရှင်က လုပ်ငန်းရပ်ဆိုင်းလိုက်တယ်လို့ ကြေညာပြီး အလုပ်သမားအားလုံးကို အလုပ်ထုတ်ပစ်လိုက်တာက စလို့ မြို့တော်ခန်းမရှေ့မှာ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။