ဘိန်းစိုက်မှုက ဆင်းရဲမွဲတေမှုနဲ့ ဆက်စပ်နေ

  • 24 စက်တင်ဘာ 2013
Opium
မြန်မာ နိုင်ငံမှာ ဆင်းရဲ မွဲတေမှုနဲ့ ဘိန်းစိုက်ပျိုးမှု ဆက်စပ်နေတယ်လို့ ရဲမှူးကြီးပြော

အင်္ဂါနေ့က စတင်ခဲ့တဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ ၃၄ ကြိမ်မြောက် အာဆီယံ အဆင့်မြင့် အရာရှိကြီးများ အစည်း အဝေးမှာ အာဆီယံ နိုင်ငံများ ရဲ့ မူးယစ် ဆေးဝါး ကင်းရှင်းရေး အတွက် ရည်မှန်းချက်ကို ဘယ်လို အကောင် အထည်ဖော် ဆောင်ရွက်ကြမလဲ ဆိုတာ ဆွေးနွေး ခဲ့ကြ ပါတယ်။

၂၀၁၅ ခုနှစ်မှာ အာဆီယံ နိုင်ငံများ မူးယစ်ဆေးဝါး ကင်းရှင်းရေး ရည်မှန်းချက် ထားတဲ့ အတိုင်း အဖွဲ့ဝင် နိုင်ငံများ အချင်းချင်း ဘယ်နေရာ တွေမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်မယ်၊ ဘယ်လို အကူ အညီပေးကြမယ် ဆိုတာ တွေကို ဆွေးနွေး ကြမှာ ဖြစ်တယ်လို့ မြန်မာ နိုင်ငံ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ အရာရှိ တစ်ယောက်က ပြောပါတယ်။

နှစ်စဉ် ပြုလုပ် နေကျ ဆွေးနွေးပွဲကို အာဆီယံ နိုင်ငံတွေရဲ့ ဆွေးနွေးဖက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အပြင် အခု နှစ်မှာ အိန္ဒိယ ကိုလည်း ဖိတ်ခဲ့တယ်လို့ ဆိုပါတယ်။

မူးယစ် ဆေးဝါး ပပျောက်ရေး ဆောင်ရွက် ရတာဟာ ခက်ခဲ ရှုပ်ထွေးတဲ့ ကိစ္စ ဖြစ်တာကြောင့် အချိန်ယူ ဖြေရှင်းမှ ရမယ်၊ နိုင်ငံတကာရဲ့ အကူအညီလည်း လိုအပ်တယ်လို့ မြန်မာ နိုင်ငံ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဗဟို၊ နိုင်ငံ တကာ ဆက်ဆံရေး ဌာနက ဒုတိယ ရဲမှူးကြီး ဦးဇော်လင်းထွန်းက ပြောပါတယ်။

ကမ္ဘာမှာ မူးယစ် ဆေးဝါး ထုတ်လုပ်မှု တိုးလာတဲ့ ပြဿနာမှာ ဘိန်း စိုက်ပျိုးမှုနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု နှစ်ပိုင်း ရှိပြီး မြန်မာ နိုင်ငံ အနေနဲ့ ဘိန်းစိုက်ပျိုးမှု ပြဿနာ ကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘိန်းစိုက်ပျိုးမှုဟာ ဆင်းရဲ မွဲတေမှုနဲ့ ဆက်စပ်နေပြီး ဝေးလံ သီခေါင်တဲ့ အရပ် ဒေသ တွေမှာ နေထိုင်ကြတဲ့ ဆင်းရဲသူ တွေက ရွေးစရာ မရှိတဲ့ အတွက် ဘိန်းစိုက်ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆင်းရဲ မွဲတေမှု လျှော့ချ ရေးကို စီမံကိန်းချ အကောင် အထည် ဖော်နေကြောင်း ဒုတိယ ရဲမှူးကြီး ဦးဇော်လင်းထွန်းက ပြော ပါတယ်။

၁၉၉၉ ခုနှစ်က စတင်ခဲ့တဲ့ မြန်မာ နိုင်ငံမှာ မူးယစ်ဆေးဝါး ပပျောက် ကင်းစင်ရေး အတွက် ၁၅ နှစ် စီမံကိန်း ချမှတ် လုပ်ဆောင် နေတယ် လို့လည်း သူက ပြောပါတယ်။

ဒါဟာ မူလ ရည်မှန်း ချက်ထက် နောက်ထပ် ၅ နှစ် တိုးပြီး လုပ်ဆောင် တာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ