ထမံသီ စီမံကိန်း ဆက်မလုပ်ဖို့ ကူကီး အမျိုးသမီးတွေ တောင်းဆို

  • 26 စက်တင်ဘာ 2013
Image caption ထမံသီ စီမံကိန်းကြောင့် ဒေသခံတွေ နေအိမ် ရွှေ့ပြောင်းခံခဲ့ကြရ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာ မြန်မာနဲ့ အိန္ဒိယ ပူးပေါင်းတည်ဆောက်မယ့် ထမံသီ ရေအား လျှပ်စစ်စီမံကိန်းကို ဆက်မလုပ်ဖို့နဲ့ ရွှေ့ပြောင်းခံရတဲ့ ကျေးရွာ၅၀ က ဒေသခံတွေ အတွက် နစ်နာကြေး ပေးဖို့ ဒေသခံတွေ ကိုယ်စား ကူကီး အမျိုးသမီးများ လူ့အခွင့် အရေး အစည်းအရုံးက သက်ဆိုင်ရာကို တောင်းဆိုလိုက်ပါတယ်။

ဒီစီမံကိန်းကြောင့် ဒေသခံတွေ ရဲ့ လယ်ယာတွေ၊ နေအိမ်တွေ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ခံစားရမှာ ဖြစ်တယ်လို့ ကူကီး အမျိုးသမီးများ လူ့အခွင့်အရေး အစည်းအရုံးရဲ့ ဦးဆောင်သူ ဒေါ် ဗွိုင်နူးက ဘီဘီစီကို ပြောပါတယ်။

ဒီစီမံကိန်း ဆောက်ဖို့အတွက် ကျေးရွာ ၅၀က ဒေသခံတွေကို တခြားနေရာကို ပြောင်းရွှေ့ ပစ်ခဲ့ပြီး ပြန်လည် လုပ်ကိုင် စားသောက်ဖို့ ပေးတဲ့ နေရာတွေကလည်း မြေသြဇာ မကောင်းတဲ့အတွက် စိုက်ပျိုး လုပ်ကိုင် စားသောက်လို့ မရဘူးလို့ ဒေါ်ဗွိုင်နူးက ပြောပါတယ်။

လျော်ကြေးပေးတာတွေ ရှိပေမယ့် လျော်ကြေးငွေ ငါးထောင်၊ တသောင်း လောက်သာ ဒေသခံတွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ထမံသီ ရေကာတာကြီး ဆောက်ဖြစ်ခဲ့ရင် ၈၀ ရာခိုင်နှုန်းကို အိန္ဒိယ ဘက်က ရမှာ ဖြစ်ပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ ဒေသခံတွေက ရမှာ ဖြစ်ကြောင်း၊ ဒေသခံတွေ ဆုံးရှုံး နစ်နာခဲ့ရတာတွေနဲ့ နှိုင်းစာကြည့်ရင် မပြောပလောက်ကြောင်း ဒါ့ကြောင့် အခုလို တောင်းဆိုရတာ ဖြစ်ကြောင်း ကူကီး အမျိုးသမီးများ လူ့အခွင့်အရေး အစည်းအရုံးရဲ့ ဦးဆောင်သူ ဒေါ် ဗွိုင်နူးက ပြောပါတယ်။

ဟုမ္မလင်းမြို့ မြောက်ပိုင်းရှိ ချင်းတွင်းမြစ်ပေါ်မှာ မီဂါ ဝပ် ၁၂၀၀ ထုတ်လုပ်မယ့် ထမံသီ ရေအား လျှပ်စစ် စီမံကိန်းကို ၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အကြား သဘောတူ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။