စည်ပင် ဥက္ကဋ္ဌ ပြည်သူက ရွေးမယ်

  • 25 စက်တင်ဘာ 2013
yangon city hall
Image caption ရန်ကုန်မြို့တော် စည်ပင်သာယာရုံးရှိရာ မြို့တော်ခန်းမ

စည်ပင် ဥက္ကဋ္ဌရာထူးကို ပြည်သူက ရွေးချယ်ဖို့ ရန်ကုန်တိုင်းမှာ အတည်ပြုလိုက်ပါတယ်။

ပြည်သူက ရွေးချယ်ဖို့ကို အတည်ပြုပေမယ့် ဘယ်လို ရွေးချယ်မယ် ဆိုတဲ့ နည်းဥပဒေ ပြဋ္ဌာန်းရဦးမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ် အားလုံးမှာ စည်ပင် ဥက္ကဋ္ဌကို ပြည်သူက ရွေးချယ်ရမယ်လို့ သဘောတူ ထားပေမယ့် နည်းဥပဒေကိုတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက ကိုယ့်တိုင်း၊ ကိုယ့်ပြည်နယ်နဲ့ သင့်တော် ဆီလျော်တဲ့ နည်းဥပဒေကို ပြဋ္ဌာန်းကြမယ်လို့ ဆိုပါတယ်။

တချို့ပြည်နယ်၊ တိုင်းတွေမှာတော့ စည်ပင် ဥက္ကဋ္ဌ ရာထူးကို ရွေးချယ် ပြီးစီးကြပါပြီ။

မွန်ပြည်နယ် မြို့တွေမှာလည်း ပြည်နယ် စည်ပင် ဥက္ကဋ္ဌ ရာထူးတွေ ရွေးချယ်ပြီးပါပြီ။

မွန်ပြည်နယ်မှာ ရွေးချယ်ရာမှာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မဲပေးပြီး စည်ပင် ဥက္ကဋ္ဌကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရပ်ကွက် ကျေးရွာ၊ အုပ်ချုပ်ရေးမှူး တွေဟာ ပြည်သူတွေက ရွေးချယ်ထားတာ ဖြစ်ကြတဲ့ အတွက် စည်ပင် ဥက္ကဋ္ဌကို ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးတွေက ရွေးချယ်မှုဟာ ပြည်သူကနေ သွယ်ဝိုက်တဲ့နည်းနဲ့ ရွေးချယ်တာနဲ့ အတူတူပဲလို့ မွန်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ဘီဘီစီကို ပြောပါတယ်။