မဒေးကျွန်း ဆန္ဒပြသူ လွှတ်ဖို့ တောင်းဆို

  • 27 စက်တင်ဘာ 2013
_bbc_madae_304x171_
Image caption မဒေးကျွန်း ဆန္ဒပြပွဲ

ကျောက်ဖြူမြို့နယ် တရားရုံး မှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း အဓိက တည်ရှိတဲ့ မဒေးကျွန်း ပေါ် က ဒေသခံတွေ နဲ့ ပိုက်လိုင်း ဖြတ်သန်းတဲ့ ကျေးရွာ တွေ က ဒေသခံတွေ က မဒေးကျွန်းရှိ တရုတ် ကုမ္ပဏီ စီအန်ပီစီ ရှေ့ ဆန္ဒပြမှု နဲ့ ရွာသား ၁ဝ ယောက် ကို ထောင် ၃ လ စီ ချမှတ်တဲ့ အတွက် ဒေသခံ လူပေါင်း ၄ဝဝ ခန့် က ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒ ပြ ကြ ပါတယ်။

မဒေးကျွန်း ရွာသား ၁ဝ ယောက် ကို ပုဒ်မ ၁၈ အရ စီတန်းလှည့်လည်မှု၊ နဲ့ တရားစွဲ ထောင်ချလိုက်တာပါ။ စီရင်ချက် မချမီ ကတည်းက တရားရုံး အနီးမှာ ဒေသခံတွေ စုရုံး ရောက်နေ ကြလို့ ရဲ၊ လုံထိန်း နဲ့ စစ်သားတွေ အပြည့် နေရာယူထားကြောင်း၊ မီးသတ်ကားတွေ လည်းရပ်ထားသလို၊ ဒိုင်းကာ ရဲသား ၅ဝ ခန့် ကလည်း၊ တရားရုံး အဝင်ဝ မှာ အသင့်စောင့်နေ ကြတဲ့ အကြောင်း၊ အခုလို လုံခြုံရေး တိုးမြှင့် ချထားပေမယ့် လည်း ဖမ်းထားသူ တွေ ကို မလွှတ်ပေး မချင်း တောင်းဆို ဆန္ဒ ပြမယ့် အကြောင်း၊ ဆန္ဒ ပြသူ တယောက် က ဘီဘီစီ ကို ပြောပါတယ်။

ဆန္ဒပြသူတွေ ဟာ ကတ်ပြားတွေ ကိုင်ဆောင်ယင်း၊ ဆန္ဒပြ ကြွေးကြော် ကြရာမှာ ပုဒ်မ ၁၈ အလိုမရှိ၊ အမှန်တရား အောင်ရမည်၊ ဖမ်းထားသူ ၁၀ ဦး ကို လွှတ်ပေး စတာတွေ ပါဝင် ပါတယ်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ ပြီးခဲ့တဲ့ ဧပြီလ က ရွာပေါင်း ၄ ရွာမှ လူပေါင်း ၅ဝဝ ခန့်ဟာ၊ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် နစ်နာမှု ရှိနေတဲ့ အတွက်၊ တရုတ်ကုမ္ပဏီ ရှေ့မှာ ကျေးရွာတွေ လျှပ်စစ်မီး ပေးရေး၊ ရွာချင်း ဆက်သွယ်တဲ့ လမ်းတွေ ပြုပြင်ပေးရေး စသဖြင့် တောင်းဆိုခဲ့ပါတယ်။ အဲဒီ အတွက် ကျောက်ဖြူမြို့ ပေါ် နဲ့ ကျေးရွာ တချို့၊ သဘာဝ ဓါတ်ငွေ့မီး ၂၄ နာရီ ရခဲ့ပါတယ်။ ဒေသခံ လူထု ကတော့ သူတို့ရဲ့ နစ်နာချက်တွေ ကို ပိုမို ဖြည့်ဆည်း ပေးစေ လိုကြောင်း ဘီဘီစီ ကို ပြောပါတယ်။