ရန်ကုန်မြို့နဲ့ မန္တလေး ရွှေဝါရောင် အောက်မေ့တဲ့ အခမ်းအနား

  • 26 စက်တင်ဘာ 2013
Image caption သံဃာတွေ ရန်ကုန်မြို့ ဆူးလေ ဘုရားရှေ့ ဆန္ဒပြ

ဒီနေ့ ကြာသပတေးနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့နဲ့ မန္တလေး မြို့တွေမှာ ရွှေဝါရောင် သံဃာ့ အရေးအခင်းကို အာဏာပိုင်တွေက ဖြိုခွင်းခဲ့မှု အောက်မေ့တဲ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၆နှစ်က ဒီနေ့ဟာ ရန်ကုန်မြို့ မှာ ထောင်နဲ့ချီတဲ့ သံဃာတွေ ရွှေတိဂုံ ဘုရားကနေ ရန်ကုန် မြို့လယ်ကို ချီတက်ကြတဲ့နေ့ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ရက် နေ့လောက်ထိက ရန်ကုန်မှာ သံဃာတချို့ ဆုတောင်း ချီတက်တာတွေ ရှိပေမယ့် ဒီနေ့ကို ရွှေဝါရောင် အရေးအခင်း စတဲ့နေ့လို့လည်း ပြောကြပါတယ်။

အဲဒီနေ့က ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားရှေ့မှာ နေ့လည်ပိုင်းလောက်က စပြီး ငြိမ်းချမ်းစွာ ချီတက်ဖို့ ပြင်နေကြတဲ့ သံဃာတွေကို လုံထိန်းတွေ တားဆီးပြီး တုတ်တွေနဲ့ အတင်း ဝင်ရောက် ရိုက်နှက် နှိမ်နှင်းခဲ့တာ ဖြစ်ပါတယ်။

ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ်မှာ သံဃာတွေ အရိုက်ခံရတာ၊ သတင်းသမားတွေကို ဖမ်းဆီးသွားတာ၊ မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲတာတွေကို အဲဒီတုန်းက မြင်တွေ့ခဲ့ရတဲ့ သူတွေ ရှိပါတယ်။

ညပိုင်းမှာ တောင်ဥက္ကလာဘက်က ငွေကြာရံ ကျောင်းတိုက်မှာ အကြမ်းဖက် တိုက်ခိုက်ခံရပြီး ဖမ်းဆီးခံ ရတာတွေ ရှိပါတယ်။

ဖမ်းဆီးမှု၊ သေဆုံးမှုတွေ ရှိတယ်လို့ စပြီး ကြားရတဲ့ နေ့လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ၆ နှစ်လောက် အကြာမှာတော့ ဒီလို တိုက်ခိုက်မှုတွေ အပေါ်မှာ သံဃာတွေ ဘက်ကို တောင်းပန်သင့်တယ်လို့ ရွှေတိဂုံ ဘုရားမြောက်ဘက်မုဒ် အောင်မြေမှာ ကျင်းပတဲ့ အခမ်းအနားမှာ အခမ်းအနားမှူး ပြုလုပ်တဲ့ ရွှေဝါရောင် သံဃာ့ အရေးခင်းမှာ ပါဝင်ခဲ့သူ ဦးသာဂရ က ပြောပါတယ်။

ရန်ကုန်မှာ လိုဘဲ မန္တလေးမြို့မှာ ရွှေဝါရောင် ၆နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို မစိုးရိမ် ကံတက်ကုန်း ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့က ရွေတိဂုံဘုရားမှာ ကျင်းပတဲ့ အခမ်းအနားမှာ သံဃာ ၄ ပါးကျော်နဲ့ တက်ကြွလှုပ်ရှားသူ တချို့သာ အခမ်းအနားကို လာရောက်ခဲ့ပေမဲ့ မန္တလေးမြို့မှာ သံဃာ ၅၀၀ကျော်နဲ့ ၈၈ မျိုးဆက်၊ ဗကသ၊ အန်အယ်လ်ဒီ ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

မန္တလေးသံဃာထုရဲ့ တောင်းဆိုချက်ကိုတော့ ရွှေဝါရောင် နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော် ဦးစန္တိတက မိန့်ကြားရာမှာ ဒီနေ့ ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပသွားတဲ့ အခမ်းအနားတွေမှာ သံဃာတော် တွေဟာ အဲဒီတုန်းက တိုက်ခိုက်ခဲ့မှုတွေပေါ်မှာ တောင်းပန်ရင် ခွင့်လွှတ်မယ်လို့ ပြောပါတယ်။

ဒီလို ကမ်းလှမ်းမှုတွေဟာ အပြု သဘောဆောင် ကမ်းလှမ်းတာဖြစ်ပြီး ရွှေဝါရောင် ရဟန်းတော်တွေ ဘက်ကတော့ ဗုဒ္ဓသားတော်တွေပီပီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ စတဲ့ ဗြဟ္မာစို တရား လက်ကိုင်ထားပြီး အပြုသဘောဆောင် ကမ်းလှမ်းတာ ဖြစ်လို့ ပြဿနာပေါင်း သောင်းခြောက်ထောင် တက်နေ့တဲ့ မြန်မာနိုင်ငံမှာ ရွှေဝါရောင် သံဃာတွေနဲ့ အစိုးရ ကြားမှာ ရင်ကြားစေ့ နေဖို့အတွတ် အစိုးရ အနေနဲ့ တစ်စုံတစ်ရာ တုံ ပြန်သင့်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ