ပြုပြင် ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ The Elders တိုက်တွန်း

  • 26 စက်တင်ဘာ 2013
The Elders in Rangoon
Image caption The Elders အဖွဲ့က ဘာသာရေး ၊ လူမှုရေး အဖွဲ့ အစည်း တွေနဲ့ လည်း တွေ့ဆုံခဲ့

မြန်မာ့ လူ့ဘောင် အဖွဲ့ အစည်း ပိုမို ပွင့်လင်း လာပြီး ပြုပြင် ပြောင်းလဲမှု လုပ်ဆောင်နေတာ တွေကို အားတက် မိပေမဲ့ ပြုပြင် စရာတွေ အများကြီး ရှိသေးတယ်လို့ The Elders လို့ ခေါ်တဲ့ ကမ္ဘာ့ ခေါင်းဆောင် ဟောင်းများ အဖွဲ့က ထောက်ပြ ပြောဆိုလိုက် ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် ဘရန်တလန်နဲ့ ဖင်လန် သမ္မတဟောင်း မာတီ အာတစ်ဆရီ တို့ရဲ့ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ ဘီဘီစီကို အခုလို ပြောခဲ့ တာပါ။

ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မှာလည်း တိုင်းရင်းသား အပစ်အခတ် ရပ်စဲရေး၊ အမျိုးသမီးတွေ နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်မှု နည်းနေသေးတဲ့ ကိစ္စနဲ့ မြန်မာ နိုင်ငံအတွင်း ဘာသာရေး ပဋိပက္ခတွေ ဖြေရှင်း နိုင်ရေး စတာတွေကို ထည့်သွင်း ဖော်ပြခဲ့ကြပါတယ်။

ကြာသပတေးနေ့ ညနေပိုင်းက The Elders အဖွဲ့နဲ့ တွေ့ဆုံခွင့် ရခဲ့တဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ Gender Equality Network က မမေစံပယ်ဖြူ ကတော့ လာမယ့် အောက်တိုဘာလကုန်မှာ ပြုလုပ်မယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ ဆွေးနွေးပွဲမှာ ကမ္ဘာ့ ခေါင်းဆောင်ဟောင်း တွေက အတတ်နိုင်ဆုံး ပါဝင် ကူညီသွားမယ်လို့ ပြောကြောင်း ဘီဘီစီကို ပြောပါတယ်။

ယုံကြည်မှု တည်ဆောက် နိုင်ခြင်း မရှိတဲ့ အတွက် အပစ် အခတ် ရပ်စဲရေး ခက်ခဲနေတာ ဖြစ်ပြီး လက်ရှိ ပြဿနာတွေကို ဖြေရှင်းဖို့ရာ နှစ်ဘက် ယုံကြည်မှု က အရေးကြီးတယ်လို့လည်း The Elders အဖွဲ့က ပြောခဲ့တယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲကို သူတို့ အပါအဝင် ကုလ သမဂ္ဂ၊ အာဆီယံနဲ့ ယုံကြည်ထိုက် သူကမ္ဘာ့ ခေါင်းဆောင် တွေ အားလုံး ရှေ့မှောက်မှာ ပြုလုပ်မယ်လို့ ပြောကြောင်းလည်း မမေစံပယ်ဖြူက ပြောပါတယ်။

နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတဲ့ အကြောင်းကတော့ အမျိုးသမီးတွေက မပါချင်လို့ ဒါမှမဟုတ် ပါဝင်နိုင်တဲ့ အရည်အချင်း မရှိလို့ မဟုတ်ဘဲ ပါဝင်ခွင့် မရကြလို့သာ ဖြစ်တဲ့အတွက် ပါဝင်ခွင့် ရအောင် ဖန်တီးပေးဖို့ လိုတယ်လို့ မမေစံပယ်ဖြူက ပြောပါတယ်။

နိုင်ငံ့လူဦးရေရဲ့ ထက်ဝက် ရှိတဲ့ အမျိုးသမီးတွေဟာ စစ်ပွဲတွေ၊ မငြိမ်းချမ်းမှုတွေရဲ့ အကျိုး ရလဒ်တွေကို တိုက်ရိုက် ခံစားကြရသူတွေ ဖြစ်တဲ့အတွက် တိုင်းပြည် ငြိမ်းချမ်းဖို့၊ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အမျိုးသမီးတွေက ဦးဆောင်မှု အနေအထားမှာ ရှိဖို့ အရေးကြီးတယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ