ငြိမ်းချမ်းရေး အတွက် ဖွဲ့စည်းပုံ ပြင်မှ ဖြစ်မယ်လို့ ဒေါ်စု ထပ်ပြော

  • 27 စက်တင်ဘာ 2013
NLD 25th Anniversary
Image caption NLD ငွေရတု အခမ်း အနားမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ ခေါင်းဆောင်တွေ မိန့်ခွန်း ပြောခဲ့

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ စတင် တည်ထောင် ခဲ့တဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ စက်တင်ဘာလ ၂၇ ရက် နေ့မှာ နိုင်ငံ တဝန်း တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ အထိမ်း အမှတ် အခမ်း အနားတွေ ကျင်းပ ခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင် ရုံးချုပ်မှာ ကျင်းပတဲ့ အခမ်း အနားကို ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ ပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မှ ဖြစ်မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ထပ်လောင်း ပြောခဲ့ ပါတယ်။

အဲဒီ အခမ်း အနားကို ပြည်နယ်နဲ့ တိုင်း အသီးသီးက အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေ၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းက ခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေး သမားတွေနဲ့ နိုင်ငံခြား သံရုံး တချို့က ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြ တယ်လို့ မကွေးတိုင်း အန်အယ်လ်ဒီ အတွင်း ရေးမှူး ကိုနေမျိုးကျော်က ပြောပါတယ်။

ရုံးရှေ့ ရွှေဂုံတိုင် လမ်းမကြီးရဲ့ တစ်ဘက် တချက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလံတွေ လွှင့်ထူပြီး ရန်ကုန်တိုင်း အတွင်း မြို့နယ်တွေ အားလုံးရဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေ၊ ပြခန်းတွေ ထားရှိကြတာ၊ ကားနဲ့ ခရီးသွားကြသူတွေက ဝယ်ယူ အားပေး ကြတာတွေဟာ ထူးခြားတဲ့ မြင်ကွင်းပဲလို့ ကိုနေမျိုးကျော်က ပြောပါတယ်။

အန်အယ်လ်ဒီ ပါတီရဲ့ လက်ရှိ အနေအထား

Image caption ဒေါ်အောင်ဆန်း စုကြည်ကို အန်အယ်လ်ဒီ ရုံးချုပ် ရှေ့မှာ ကြိုဆို နှုတ်ဆက် ခဲ့ကြ

အန်အယ်လ်ဒီ ပါတီ စတင် တည်ထောင် ခဲ့ချိန်က ၈၈၈၈ အရေးတော်ပုံကြီး ပြီးကာစ အချိန်၊ ပြည်သူတွေက အပြောင်း အလဲကို တမ်းတ ခဲ့ကြချိန် ဖြစ်လို့ အန်အယ်လ်ဒီ ပါတီဟာ အင်အား အလွန် တောင့်တင်း ခိုင်မာခဲ့တယ် ဒါပေမဲ့ ကြား ကာလမှာ ပါတီ တစ်ခု ရသင့်တဲ့ အခွင့် အရေးမျိုး မရခဲ့ဘူးလို့ အန်အယ်လ်ဒီ ဗဟို အလုပ် အမှုဆောင် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒါကြောင့် လူငယ် မျိုးဆက်သစ်တွေကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် မွေးထုတ်နိုင်ခြင်း မရှိခဲ့ဘဲ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ပါတီ ပြန်လည် မှတ်ပုံတင်ပြီးတဲ့ နောက်မှသာ ပါတီ လုပ်ငန်းတွေ လုပ်ဆောင် လာနိုင် ခဲ့တာ လို့လည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

အရင်က လူ့စွမ်းအား ရင်းမြစ် မြှင့်တင်ရေး လုပ်ဆောင် ရမှန်း မသိတဲ့ အတွက် အခုချိန်မှာ လူ့စွမ်းအား ရင်းမြစ် တိုးတက် ရေးကို ကြိုးပမ်း လုပ်ဆောင် နေတယ် လို့လည်း သူက ပြောပါတယ်။

အန်အယ်လ်ဒီ ပါတီဝင် တွေဟာ နိုင်ငံရေး စိတ်ဆန္ဒ ပြင်းပြသူတွေ ဖြစ်တဲ့ အတွက် ဒီလို ကြိုးပမ်း လုပ်ဆောင်ခြင်း အားဖြင့် မကြာခင် အရည် အချင်း ရှိသူတွေ ဖြစ်လာ မှာပါလို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

၂၅ နှစ်ကြာ ရပ်တည် လာခဲ့တဲ့ အန်အယ်လ်ဒီ ပါတီ အနေနဲ့ လွှတ်တော်ထဲကို ဝင်ဖို့ ဆုံးဖြတ်ခဲ့ တာက တိုင်းရင်းသားတွေ အပါအဝင် တိုင်းပြည်နဲ့ လူမျိုး အကျိုး အတွက် ပူးပေါင်း ဆောင်ရွက်ဖို့သာ ဖြစ်တယ်၊ အရာရာကို ကန့်ကွက် ဆန့်ကျင်ဖို့ မဟုတ်ဘဲ တိုင်းပြည်နဲ့ လူထု အကျိုးစီးပွား ထိခိုက်မှာ တွေသာ ကန့်ကွက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ