ဒုဝန်ကြီး ၂၃ ဦးပါ ကော်မတီ ၂၆ ခု ဖွဲ့စည်း

  • 28 စက်တင်ဘာ 2013
_u_thein_sein_
Image caption မြန်မာ သမ္မတ ဦးသိန်းစိန်

ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်တိုင်း ဒေသကြီး အစိုးရ တွေ ကြား၊ ညှိနှိုင်း ဆောင်ရွက်ဖို့ အတွက် ဒုတိယ ဝန်ကြီး ၂၃ ဦး ပါဝင်တဲ့ ကော်မတီ ၂၆ ခု ကို သမ္မတ ဦးသိန်းစိန် က ဖွဲ့စည်းပေး လိုက်ပါတယ်။ အကြောင်းရင်း ကတော့ လက်ရှိ သမားရိုးကျ ဆောင်ရွက်နေတဲ့ ရုံးလုပ်ငန်း ပုံစံထက် သွက်လက် ထိရောက်တဲ့ ပုံစံမျိုး ကို ကဏ္ဍ အလိုက် ဆောင်ရွက်ဖို့ ဖြစ်တဲ့ အကြောင်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန် က သူ့ရာထူး သက်တမ်း အတွင်းမှာ ပေါ်ပေါက်တဲ့ ပြဿနာ အခက်အခဲ တွေ ကို ဖြေရှင်းနိုင် သမျှ ဖြေရှင်းပေးမယ်၊ ပြီးပြတ်အောင် မဆောင်ရွက် နိုင်တဲ့ အပိုင်း ရှိရင်လည်း၊ နောင်တက် မယ့် အစိုးရ လက်ထက်မှာ ပိုပြီး လွယ်လွယ်ကူကူ ဖြေရှင်းနိုင်အောင်၊ လိုအပ်တဲ့ စုစည်း ဆောင်ရွက်မှုတွေ၊ ခိုင်မာ အောင် လုပ်ပေးမယ် ဆိုတဲ့ မူမျိုး ရှိကြောင်း သမ္မတ ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

အခု အသစ်ဖွဲ့စည်းလိုက်တဲ့ ဆပ်ကော်မတီ က ကွင်းဆင်းပြီး Delivery Unit အနေနဲ့ ၃ ရက် ၄ ရက် စသဖြင့် ထိုင်ရင်း ကိစ္စရပ် တခု၊ အဖြေပေါ်တဲ့ အထိ ဆပ်ကော်မတီ အလိုက် ဆောင်ရွက်မယ့် အကြောင်း ဦးရဲထွဋ် က ရှင်းပြပါတယ်။

တိကျတဲ့ မူဝါဒ အရလည်း ဘယ် အဆင့် ကိုဖြင့် ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် ဆိုတာ ကိုလည်း သတ်မှတ်ပြီးတဲ့ အကြောင်း၊ လိုအပ်ရင် တော့ ပြန်မေးနိုင်ပုံတွေ လည်း ပါဝင်ပါတယ်။

Cabinet sub-committee/Delivery Unit လို့ ခေါ်တဲ့ ကော်မတီ ၂၆ ခုထဲမှာ နိုင်ငံခြားရေး၊ ငွေကြေး နဲ့ ဘဏ္ဍာရေး လို ကဏ္ဍတွေ က အစ၊ ခရီးသွားလုပ်ငန်း၊ မွေးမြူရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်၊ တိုင်းရင်းသား၊ အမျိုးသမီး နဲ့ ကလေးသူငယ် တွေနဲ့ သက်ဆိုင်တဲ့ ဆပ်ကော်မတီ တွေ အထိ ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းထားပါတယ်။