KNU အဖွဲ့ ကာချုပ် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ

  • 29 စက်တင်ဘာ 2013
Image caption ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ကရင် အမျိုးသား အစည်းအရုံး ကေအန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်တဲ့ ကေအန်ယူ အဖွဲ့ဟာ မနေ့က နေပြည်တော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ် ။

ကေအန်ယူ ဖက်မှာ အဖွဲ့ဝင် ရှစ်ယောက်ပါတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက် တပ်တွေကြား ယုံကြည်မှု တည်ဆောက်ဖို့ ကိစ္စကို အဓိကထား ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲဟာ အတိုင်းအတာ တခုအထိ အောင်မြင်ပြီး အပြန်အလှန် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်မတော် ဖက်က ယာယီ စခန်းချထားတဲ့ နေရာတွေနဲ့ လူတွေ နေရာ အရပ်ထဲ စခန်းချထားတဲ့ ကိစ္စတွေကို ဆွေးနွေး ဖြစ်ခဲ့ကြတယ်လို့ ကေအန်ယူ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် မန်းငြိမ်းမောင်က ပြောပါတယ်။

ဒါ့အပြင် ရှေ့ဆက်ပြီး လုပ်ဆောင်သွားမယ့် တပ်တွေရဲ့ အနေအထားကိုလည်း ညှိနှိုင်းခဲ့ကြပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စကို ယေဘုယျ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သူတို့ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အသစ် ရေးဆွဲဖို့ အပေါ် လက်ခံမယ့် ပုံ မရှိဘူးလို့ သူ့အမြင်ကို ပြောပြခဲ့ပါတယ်။

သူတို့ အဖွဲ့ကတော့ လက်ရှိ ဖွဲ့စည်းပုံကို ပြုပြင်ရေးဆွဲဖို့ကိုဘဲ သဘောတူတယ်လို့ ကေအန်ယူ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် မန်းငြိမ်းမောင်က ဘီဘီစီကို ပြောပါတယ်။