လယ်သိမ်းမှု ထပ်မလုပ်ဘူးလို့ ပြည်ထောင်စုဝန်ကြီး ၃ ဦး အာမခံ

  • 29 စက်တင်ဘာ 2013
Image caption နောက်ထပ် လယ်သိမ်းမှုတွေ မလုပ်ဘူးလို့ ဝန်ကြီး သုံးဦး အာမခံ

လယ်ယာမြေ သိမ်းယူမှုတွေနဲ့ ပတ်သက်ပြီး မှန်ကန်ရင် အမြန်ဆုံး ပြန်ပေးမယ် ဆိုတာနဲ့ အစိုးရ စီမံကိန်းတွေ အတွက် နောက်ထပ် အသစ် လယ်ယာမြေ သိမ်းယူမှု မလုပ်ဘူးဆိုတာတွေကို ပြည်ထောင်စု ဝန်ကြီး ၃ ဦးက တောင်သူ လယ်သမား အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာ အာမခံခဲ့ ပါတယ်။

သမ္မတရုံး ဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းနဲ့ မွေးမြူရေး ၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့ဟာ မနေ့က မြန်မာ ငြိမ်းချမ်းရေးစင်တာမှာ တောင်သူ လယ်သမား အရေး ဆောင်ရွက်နေကြတဲ အဖွဲ့အစည်း ၁၄ ဖွဲ့နဲ့ နိုင်ငံရေးပါတီ တချို့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ပြည်ထောင်စုဝန်ကြီးတွေက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လို အခက်အခဲတွေ ရှိနေသလဲ သူတို့အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အဖွဲ့အစည်းတွေ လူထု အခြေပြု အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို မေးမြန်းခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ တောင်သူ လယ်သမား အသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

တက်ရောက်တဲ့ အဖွဲ့ အများစုက လယ်ယာမြေ သိမ်းယူမှုနဲ့ ပတ်သက်တဲ့ ပြသနာတွေကို တင်ပြခဲ့ရာမှာ ဝန်ကြီးတွေက သိမ်းဆည်းလယ်ယာ ပြန်ပေးမယ် ဆိုတာနဲ့ ထပ်ပြီး သိမ်းယူတာမျိုးမလုပ်ဘူးလို့ အာမခံခဲ့ကြောင်း တောင်သူလယ်သမား အသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

ဒါတွေအပြင် လက်ရှိအောက်ခြေမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေနဲ့ တခြားအခက်အခဲတွေကိုလည်း အခမ်းအနား တက်ရောက်သူတွေက တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီး ၃ ဦးက တင်ပြပေးမယ် ၊ ဆောင်ရွက်ပေးမယ်လို့ ဂတိပေးခဲ့ကြပေမယ့် တကယ် လယ်သမားအရေး ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်ဝန်ကြီးလို တာဝန်ရှိ ဝန်ကြီးတွေ မဟုတ်တဲ့အတွက် လယ်သမားအရေး ဆောင်ရွက်နေသူတွေကြားမှာ စိတ်မသက်မသာ ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။