လက်ပံတောင်းချီတက်ပွဲ

  • 29 စက်တင်ဘာ 2013
letpadaung
Image caption ဗကသ ဥက္ကဌ ကိုသန့်ဇင်ကို ရဲက ဖမ်းဆီးစဉ်

ရန်ကုန်နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ လက်ပံတောင်း ဒေသခံတွေနဲ့ သံဃာ တော်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ မန္တလေးကနေ လက်ပံတောင်းအထိ ချီတက် လမ်း လျှောက် ခဲ့ကြ ပါတယ်။

လယ်တီသိမ် ကမ္ဘာတည်သရွေ့တည်တံ့ရေး တောင်းဆိုချက်နဲ့ သံဃာတော်၊ ကျောင်းသား၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက တောင်းဆို ချီတက် ကြတာ ဖြစ်ပါတယ်။

မန္တလေး မဟာအောင်မြေ မြို့နယ် ကံတက်ကုန်းကနေ စတင်ထွက်ခွာပြီး ဂဠုန်နီကျောင်းတိုက်အထိ သွားရာမှာ နယ်မြေထောက်လှမ်းရေးက လမ်းလျှောက် ချီတက် မှာကို ဟန့်တားပြီး ကားနဲ့ ပို့ဆောင်ခဲ့ပါတယ်။

ဂဠုန်နီကျောင်းတိုက်မှာ သာသနာကို ကာကွယ် စောင့်ရှောက်ရေး အတွက် ချီတက် လမ်းလျှောက် ရတာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ် ပြောကြား ခဲ့ပါတယ်။

ဆရာတော် ဦးဓမ္မ သာရ ကတော့ လယ်တီ ဆရာတော်ဟာ သာသနာရဲ့ အထွဋ်အထိပ် ဖြစ်လို့ ဆရာတော်ရဲ့ သိမ်ကို မဖျက်ဆီး စေချင်တာ ဖြစ်ကြောင်း ပြောပါတယ်။

အမရပူရနဲ့ မန္တလေး အကြား ကပ်ကျော် ဘုရား အနီးမှာ ထောက်လှမ်း ရေးနဲ့ ရဲက ထပ်မံ ဟန့်တားပြီး ကားနဲ့ လိုက်ပို့မယ်လို့ ဆိုပြန်ပါတယ်။

ချီတက်သူတွေက ဟန့်တားတဲ့ကြားက လက်မခံဘဲ ခြေလျင် ချီတက် ခဲ့ကြပါတယ်။

စစ်ကိုင်းမြို့ အဝင်မှာ အထက်ဗမာပြည် ဗကသ အဖွဲ့ချုပ် ဥက္ကဌဟောင်း ကိုသန့်ဇင်နဲ့ လက်ရှိ ဗကသ အမှုဆောင် ကိုမင်းနိုင်လွင်တို့ကို ရဲအဖွဲ့က လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကိုင်း မြို့ခံတွေ ဝိုင်းလာလို့ ပြန်လွှတ်ပေးခဲ့ပါတယ်။

လက်ပံတောင်း ဒေသခံ လယ်သမား တွေဟာ ဒီလကုန် စက်တင် ဘာလ ၃၀ ရက် အထိ လယ်ယာမြေလျော်ကြေးတွေကို လက်ခံ ရယူ တာမျိုး မလုပ်ရင် လယ်မြေတွေကို လျော်ကြေး မပေးဘဲ သိမ်းအယူခံရမယ်လို့ အာဏာ ပိုင်တွေက သတိပေးထားပါတယ်။

လက်ပံ တောင်း ဒေသမှာ လယ်သမား တွေရဲ့ လယ်တွေကို သိမ်းပြီး ကြေးနီ စီမံကိန်း အကောင် အထည်ဖော် တာကို လယ်သမား တွေနဲ့ ဒေသခံ တွေက ကန့်ကွက် ရာက စပြီး ပြီးခဲ့တဲ့ ၁၀ လအကြာ တုံးကတော့ ဆန္ဒပြသူ သံဃာ တော်တွေကို မီးလောင် ဗုံးနဲ့ ပစ်ခတ် နှိမ်နင်းတဲ့ အထိ ပဋိပက္ခ တင်းမာမှု တွေ ဖြစ်ပွား ခဲ့ပါတယ်။