သံတွဲမှာ ၂ ယောက်ကို အရေးယူထား

  • 30 စက်တင်ဘာ 2013
Security Forces
သံတွဲမှာ လုံခြုံရေးတွေ တိုးချထား၊ လူ အသွားအလာ ကင်းမဲ့နေ

ရခိုင်ပြည်နယ် သံတွဲ မြို့မှာ လုံခြုံရေးတွေ အားဖြည့် ထားပြီး တင်းကျပ် ထားတဲ့ အတွက် အခြေ အနေ ငြိမ်သက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ထဲမှာ လူတွေ အသွားအလာ သိပ်မရှိတဲ့ အတွက် တိတ်ဆိတ် နေတယ်လို့လည်း ဆိုပါတယ်။ စျေးတွေ ကျောင်းတွေ ဖွင့် ပေမဲ့ ဝယ်သူ သိပ်မရှိ၊ ကျောင်းတက်တဲ့ ကလေးတွေ သိပ်မရှိ ဖြစ်နေတယ်လို့ သံတွဲ မြို့ခံ တစ်ယောက်က ပြောပါတယ်။

စနေနေ့က အစ္စလာမ် ဘာသာ၀င် ကမန် အမျိုးသား ဦးကျော်ဇံလှရဲ့ အရောင်းဆိုင်ရှေ့မှာ သုံးဘီး ဆိုင်ကယ်သမားနဲ့ ဆိုင်ပိုင်ရှင်တို့ အငြင်းပွားရာ ကနေ ပြဿနာ စဖြစ်ခဲ့တာပါ။

၂၉ ရက်နေ့ ညနေပိုင်းမှာ ဦးကျော်ဇံလှရဲ့ နေအိမ်ကို လူ ၅၀ လောက် ဝိုင်းလာပြီး ခဲနဲ့ ပစ်ပေါက် ခဲ့ကြတယ်လို့ နေပြည်တော်က ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။

သံတွဲ မြို့မှာ တနင်္ဂနွေနေ့ အထိ မတည် မငြိမ်မှု ဆက်ဖြစ်ပွား ခဲ့ပြီး အိမ်တချို့ကို မီးရှို့ ဖျက်ဆီးခဲ့မှု တွေ ဖြစ်ခဲ့ ပါတယ်။

ဦးကျော်ဇံလှရဲ့ အိမ်ကို ခဲပေါက်မှုနဲ့ ကိုညီညီလွင်နဲ့ ကိုကျော်မင်းထိုက် ဆိုသူ နှစ်ယောက်ကို ဖမ်းဆီး အရေးယူ ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။

လောလောဆယ် အခြေအနေက ငြိမ်သက် နေပေမယ့် စိုးရိမ်မူတွေ တော့ ရှိနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သံတွဲမြို့မှာ ဗုဒ္ဓ ဘာသာနဲ့ အစ္စလာမ် ဘာသာဝင်တွေ ကြားမှာ အရင်က ပြသနာ သိပ်ကြီးကြီး မားမား ဖြစ်ပွားမှု မရှိခဲ့ပေမဲ့ အခုတော့ မကြာခဏ ဆိုသလို ပြဿနာတွေ ဖြစ်ပွား နေတာကြောင့် နှစ်ဘက် လူမူ အသိုင်းအဝိုင်း ကြားမှာ ယုံကြည်မူ တွေနဲ့ နားလည်မူတွေ နည်းပါး လာတာ တွေ့နေရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ