ဆရာကြီး ဦးဂိုအင်ကာ ကွယ်လွန်

  • 30 စက်တင်ဘာ 2013
sn
ဝိပဿနာ တရားကို ပြန့်ပွားစေခဲ့သူ ဦးဂိုအင်ကာ

ဝိပဿနာ တရား ရှုမှတ်နည်း တွေကို နိုင်ငံတကာမှာ ပြန့်ပွားလာအောင် အားထုတ် ကြိုးပမ်း ခဲ့တဲ့ ဆရာကြီး ဦးဂိုအင်ကာ ဟာ တနင်္ဂနွေ ည ၁၀ နာရီ ၄၀ မိနစ် မှာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့က နေအိမ်မှာ ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ် ရှိပြီဖြစ်တဲ့ မန္တလေးမြို့ ဖွား အိန္ဒိယ တိုင်းရင်းသား ဆရာကြီး ဦးဂိုအင်ကာ ရဲ့ သာသနာ အကျိုးပြု စွမ်းဆောင်ချက်တွေ အကြောင်း ၊ ဆရာကြီးလိုပဲ ဗုဒ္ဓသာသနာ ပြည်တွင်း ပြည်ပ မှာ ပြန့်ပွားအောင် ဆောင်ရွက် နေတဲ့ မော်လမြိုင် တက္ကသို လ်အငြိမ်းစား ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာ ထေရ ဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်ရဲ့ အငြိမ်းစား ပါမောက္ခ ၊ သာသနာရေး ဝန်ကြီး ဌာန အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ မင်းတင်မွန် ကတော့ ဆရာကြီး ဦးဂိုအင်ကာ ရဲ့ စွမ်းဆောင်ရည် တွေနဲ့ ပတ်သက်ပြီး ဘီဘီစီကို ပြောကြား ရာမှာ ဆရာကြီးဟာ အင်္ဂလိပ် ဘာသာ စကားကိုလည်း နိုင်နင်းပြီး အပြော အဟောလည်း အလွန်ကောင်းတဲ့ အတွက် သူ့ ရိပ်သာ တွေမှာ လာရောက် အားထုတ် ကြသူတွေမှာ အကျိုးကျေးဇူး တွေ ခံစား နိုင်ခဲ့ကြတဲ့ အကြောင်း ပြောပါတယ်။

ဆရာကြီးဟာ ဝိပဿနာ တရားကို ဗုဒ္ဓ ဘုရားရှင် က ဟောပြခဲ့တာ ဖြစ်ပြီး ကမ္ဘာသူ ကမ္ဘာသား အားလုံး အတွက်ဆိုပြီး ဝိပဿနာ တရား အားထုတ်နည်းကို အဓိက ထားပြီး ပြသပေး ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဲဒါကြောင့် ဘာသာခြားတွေကပါ ဝိပဿနာ တရားကို ဆရာကြီး ဆီမှာ လာရောက် အားထုတ် ခဲ့ကြတယ်လို့ ပြောပါတယ်။

နိုင်ငံပေါင်း ၈၀ ကျော်မှာ ရှိတဲ့ ရိပ်သာပေါင်း ၁၀၀ ကျော်မှာ ဝိပဿနာ တရားကို ပြန့်ပွား စေခဲ့သူ ဖြစ်လို့ သာသနာ ပြန့်ပွားရေး အတွက် တော်တော် ဆောင်ရွက် ပေးနိုင်ခဲ့တဲ့ ဂုဏ်ပြုထိုက်သူ ပုဂ္ဂိုလ်ကြီး တဦး ဖြစ်တယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

ဆရာကြီး ဦးဂိုအင်ကာ ရဲ့ ဈာပန အခမ်းအနားကို အင်္ဂါမနက် ၁၀ နာရီခွဲမှာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။