ကယားပြည်နယ်မှာ မိုင်းလုပ်ငန်း တိုးလာတာကို ကန့်ကွက်

  • 3 အောက်တိုဘာ 2013
Image caption ကယားဒေသမှာ မိုင်းတွင်းတွေ တိုးပွားလာတဲ့ အတွက် ဒေသခံတွေအတွက် အန္တရာယ်များ

ကယား ပြည်နယ် အတွင်းမှာ ရွှေ၊ ကျောက်မီးသွေး စတဲ့ သတ္တုတွေကို ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ပိုင် ခွင့်တွေ ချပေးပြီး တူးဖော်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း ကရင်နီ လူမှုအသိုက်အမြုံ ကွန်ရက်( Karenni Civil Society Network) နဲ့ မိုလို အမျိုးသမီး သတ္တု တူးဖော်မှု စောင့်ကြည့်ရေး ကွန်ယက် (Molo Women Mining Watch Network ) တို့က ပူးတွဲ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP နဲ့ မြန်မာ အစိုးရတို့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးပြီးတဲ့ နောက်မှာ မော်ချီး သတ္တုမိုင်း အပါအဝင် အရင်က သတ္တု တူးဖော်တဲ့ နေရာ ၃ နေရာ သာ ရှိခဲ့ရာကနေ အခုအခါ နေရာ ၁၆ နေရာမှာ တူးဖေါ်မှုတွေ တိုးလာတယ်လို့ ဆိုပါတယ်။

မော်ချီး ဒေသဟာ ခဲ ဒေသ ဖြစ်တဲ့ အတွက် မြေတွေ ပွသလို တောင်တွေကလည်း မြင့်တဲ့အတွက် မိုးတွင်းမှာ မြေပြိုလေ့ ရှိတတ်ကြောင်း၊ အခုလို မိုင်းတွင်း ကုမ္ပဏီတွေက မြေတူးစက်တွေနဲ့ လာရောက် တူးဖော် နေတာကြောင့် ဒေသခံ တိုင်းရင်းသားတွေ အတွက် အလွန် အန္တရာယ် များလှကြောင်း မိုလို အမျိုးသမီး သတ္တု တူးဖော်မှု စောင့်ကြည့်ရေးကွန်ယက်က ပြောခွင့်ရ သူ ဒေါ်နန်းခမ်းလျာ က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် သတ္တု တူးဖော်မှုတွေ လုပ်လာရင် ဒေသခံ တိုင်းရင်းသားတွေရဲ့ စိုက်ပျိုးမြေတွေ လက်လွှတ် ဆုံးရှုံးရမယ့် အခြေအနေမျိုး ရှိနေတယ်လို့လည်း ဆိုပါတယ်။

လူထုရဲ့ သဘောထားကို မေးမြန်း တိုင်ပင်ပြီး အခုလို ကြေညာချက် ထုတ်ရတာ ဖြစ်ကြောင်း၊ အစိုးရထံကိုလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင်း တင်ပြထားပေမယ့် အကြောင်း တစုံတရာ မထူးဘူးလို့ ဒေါ်နန်းခမ်းလျာ က ပြောပါတယ်။