ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ရေးပညာရှင်တွေ အဖြေရှာ

  • 2 အောက်တိုဘာ 2013
riot_buddhists
Image caption ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားရာ နေရာက မီးတောက်

သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်နဲ့ အမေရိကန် က Institute of Global Engagement (IGE) တို့ ပူးပေါင်းပြီး နှစ်ရက်ကြာ ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ ဘာသာရေး ပညာရှင်များ အစည်း အဝေးမှာ နိုင်ငံပေါင်းစုံက ဘာသာရေး ပညာရှင် ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လုံခြုံရေး၊ ငြိမ်းချမ်းရေး နဲ့ အတူ ယှဉ်တွဲ နေထိုင်ရေး အတွက် ဘာသာရေး ပညာရှင်တွေ အဖြေရှာကြတဲ့ အဲဒီဆွေးနွေးပွဲကို အမေရိကန်၊ ဗြိတိန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ သံရုံးက သံအမတ်တွေ၊ အပါအဝင် သံရုံး ၁၁ ရုံးက သံတမန် တွေ တက်ရောက်ခဲ့ကြပါတယ်။ ပညာရှင်တွေ အနေနဲ့က အာရှတိုက် အလယ်ပိုင်းက၊ တာဂျစ်ကစ္စတန်နဲ့ ကာဂစ်စတန်၊ ဥဇဘက် ကစ္စတန်နိုင်ငံ နဲ့ တခြား အာရှ နိုင်ငံတို့က တက္ကသိုလ် ပါမောက္ခတွေလည်း တက် ရောက် ခဲ့ကြ ပါတယ်။

ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင် စီစဉ်သူ သီတဂူ ဆရာတော်ဘုရား အရှင်ဉာဏိသရ က ပဋိပက္ခ တွေ ဘယ်လိုထိန်းမလည်း၊ လုံခြုံရေး အတွက် ဘာသာရေး က ဘယ်လိုကူညီ နိုင်မလည်း၊ အမျိုးမတူ၊ ဘာသာ မတူသော်လည်း၊ တူညီတဲ့ အချက်ပေါ် မူတည် ပြီး အဖြေရှာ ကြတဲ့ အစည်းအဝေး လို့ ဘီဘီစီ ကို မိန့်ပါတယ်။

ဘာသာရေး ပဋိပက္ခ ဆိုတာ အန္တရာယ် ကြီးပြီး ဒီပြဿနာ ရဲ့ ဇစ်မြစ် အပေါ်မှာ လည်း သံသယ နဲ့ စိုးရိမ်စိတ် ဝင်တဲ့ အကြောင်း၊ ဘာသာမတူလို့ ရန်ဖြစ် ကြတဲ့ သဘော မဟုတ်တော့ဘဲ၊ ပုဂ္ဂိုလ် တချို့ က ဘာသာရေး ကို ခုတုံး လုပ်ပြီး အမြတ်တခုခု ထုတ်လိုတဲ့ သဘော ဆိုတဲ့ သံသယ စိတ် ရှိနေကြပုံလည်း၊ ဆရာတော် အရှင်ဉာဏိသရ က မိန့်ပါတယ်။

ပြဿနာ ဖြစ်လာရင်၊ အဆိုပါ နယ်မြေဆီ ကို ဘာသာရေး ခေါင်းဆောင်တွေ ကွင်းဆင်း အဖြေရှာရေး ဆွေးနွေး ဖြစ်သော်လည်း လက်တွေ့ မှာ၊ ပြည်ထဲရေး၊ တပ်မတော် နဲ့ လုံခြုံရေး အဖွဲ့တွေ ဆီ ခွင့်တောင်းရတဲ့ အတွက် အလွယ်တကူ ကြွ လို့ မဖြစ်နိုင်ပုံ ကိုလည်း သီတဂူ ဆရာတော် ထံမှ ကြားနာခွင့် ရပါတယ်။