ရခိုင်အရေးခင်းဖြစ်ပြီး တနှစ်ကျော်မှ သမ္မတရောက်

  • 2 အောက်တိုဘာ 2013
Image caption ရခိုင်ပြည်နယ်ရောက် သမ္မတ ဦးသိန်းစိန်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ အောက်တိုဘာ တရက် မနေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး မြို့အတော်တော်များကို ရဟတ်ယဉ် (၂) စီးနဲ့ အတူ သွားရောက် ကြည့်ရှု့ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဇွန်လမှာ စတင်ခဲ့တဲ့ ရခိုင်အရေးအခင်း အပြီး တနှစ်ကျော်ကြာမှ ရောက်ရှိလာတဲ့ သူ့ခရီးစဉ်ဟာ ဒေသ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဖြစ်တယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြောက်ဦး၊ ကျောက်တော်နဲ့ မောင်တောမြို့တွေကို သွားရောက်ခဲ့ပြီး ကျောက်တော်မြို့မှာ မဟာမုနိ ဘုရားကို ၀င်ရောက် ဖူးမျှော်ကာ စကခ (၉) တပ်မမှာ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေနဲ့ တစ်နာရီ နီးပါး တွေ့ဆုံခဲ့ပါတယ်။

နေ့လယ်ပိုင်းမှာတော့ မောင်တောမြို့ကို ရောက်ရှိလာပြီး မောင်တောခရိုင် အုပ်ချုပ်ရေးရုံးမှာ ခရိုင်အရာရှိတွေနဲ့ နာရီ၀က်ခန့် တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။

မနေ့က ညနေ ၄ နာရီခန့် မှာတော့ စစ်တွေကို ရောက်ရှိလာပြီး ညအိပ် ရပ်နားကာ ဒီနေ့ အောက်တိုဘာ ၂ရက်နေ့ မှာတော့ စစ်တွေမြို့က ဌာနဆိုင်ရာ အစိုးရ အရာရှိကြီးတွေ၊ မြို့မိ မြို့ဖတွေ၊ ဗုဒဘာသာနဲ့ အစ္စလာမ်ဘာသာ၀င် နှစ်ဘက်လူမူ အသိုင်းအဝိုင်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ရခိုင်မြို့မိ မြို့ဖ တစ်ဦးဖြစ်တဲ့ ဦးသန်းထွန်းကတော့ ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ကာကွယ်ရေး ကိစ္စရပ်အပြင် ၂၄ နာရီ လျှပ်စစ်မီး ရရှီရေး ကိစ္စကိုလည်း တင်ပြ ပြောဆိုလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်ကို သမ္မတကြီး ရောက်ရှိနေစဉ်မှာဘဲ သံတွဲမြို့နယ် အတွင်းမှာ လူမျိုးရေး ဘာသာရေး မတည်ငြိမ်မူတွေ ပေါ်ပေါက်နေတဲ့ အတွက် ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကတော့ သမ္မတ ခရီးစဉ် အတွင်းမှာ အဓိက လွှမ်းမိုးနေလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ