ကချင်ဆွေးနွေးပွဲ လုပ်နေပေမဲ့ တိုက်ပွဲ မရပ်

  • 2 အောက်တိုဘာ 2013
Image caption ဒုက္ခသည် စခန်း တခုရှိ ကချင် စစ်ပြေး ပုန်းရှောင်များ

မြန်မာအစိုးရနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင် အိုတို့ တဘက်မှာ ဆွေးနွေး ပွဲတွေ ပြုလုပ်နေပေမဲ့ တဘက်မှာ စစ်ပွဲလည်း ဆက်လက် ဖြစ်ပွား နေပါ တယ်။

အလုပ်အဖွဲ့ ဆွေးနွေးပွဲကို ၈၊၉၊၁၀ တို့မှာ ပြုလုပ်မယ့် ပြည်ထောင်စု ဆွေးနွေးပွဲ အတွက် အကြိုညှိနှိုင်းမှု အနေနဲ့ ပြုလုပ်ခဲ့ ပါတယ်။

ပြည်ထောင်စု ဆွေးနွေးပွဲမှာ ဘာတွေ ဆွေးနွေးမယ် ဆိုတာကို အကြမ်းဖျဉ်း သဘောတူညီချက် ရခဲ့တယ်လို့ မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

သဘောတူညီခဲ့တဲ့ အချက်တွေ ကတော့ ဖြစ်ထွန်း တိုးတက်မှုတွေကို ပြန်လည် သုံးသပ်ရေး၊ ပြည်တွင်း ဒုက္ခသည် အရေး၊ တပ်ပိုင်း ဆိုင်ရာကိစ္စ၊ နိုင်ငံရေး ဆိုင်ရာ ကိစ္စတို့ ဖြစ်ပါတယ်။

နိုင်ငံရေး ဆိုင်ရာ ကိစ္စမှာ အစိုးရဘက်က ဆွေးနွေးချင်တဲ့ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ကိုရော၊ ကေအိုင်အို ဘက်က ဆွေးနွေးချင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကိစ္စကိုပါ ဆွေးနွေးမယ် လို့ ဆိုပါတယ်။

တဘက်မှာ ဒီလို ဆွေးနွေး နေပေမဲ့ နမ်လင်းပါမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ၃၀ ရက်နေ့က တိုက်ပွဲဟာ တနာရီကျော်ကြာတဲ့ တိုက်ပွဲကြီးလို့ ဆိုပါတယ်။

အဲဒီဒေသမှာ ဒုက္ခသည် ၁၅၀၀ လောက်ရှိပြီး ဒုက္ခသည်တွေဟာ စစ်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေတယ်လို့ ကချင် ဒုက္ခသည် တွေကို ကူညီဆောင်ရွက် ပေးနေသူ မမေရီတွန်မ် ကပြောပါတယ်။

ဒုက္ခသည်တွေဟာ ပြေးပေါက်လည်း မရှိ၊ မိုးရာသီမှာ ပြေးလွှားရွှေ့ပြောင်း ရေးလည်း ခက်ခဲသလို စစ်ဖြစ်မှာကိုလည်း ထိတ်လန့်နေကြ တဲ့ အတွက် ကတုတ်ကျင်းတွေ တူးပြီး နေထိုင် ကြတယ်လို့ မမေရီက ဘီဘီစီကို ပြောပါတယ်။