လွှတ်တော်အမတ် ပြန်ရုပ်မယ့် ဥပဒေ ဆွေးနွေး

  • 2 အောက်တိုဘာ 2013
Parliament
Image caption ဒီဥပဒေကြမ်းကို အရင်က ဆွေးနွေးဖို့ ဆိုင်းငံ့ထားခဲ့

လွှတ်တော်အမတ်တာဝန်ကနေ ပြန်လည် ရုပ်သိမ်းတဲ့ ဥပဒေကြမ်းကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော်က လက်ခံလိုက်ပါတယ်။

ဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဥပဒေအတည်ဖြစ်ရင် မဲဆန္ဒရှင်တွေက သူတို့ တင်မြှောက်ခဲ့တဲ့ လွှတ်တော်အမတ်ကို မကြိုက်တော့လို့ ပြန်ဖြတ်ချချင်ရင် ပြန်ဖြုတ်ချခွင့် ရလာမှာ ဖြစ်ပါတယ်။

လွှတ်တော်အမတ်ကို ပြန်ဖြုတ်ဖို့ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူမလဲဆိုတဲ့ ဥပဒေပြဌာန်းချက်တော့ မရှိသေးပါဘူး။

ဖွဲ့စည်းပုံမှာက နိုင်ငံတော်ကျေးဇူးသစ္စာကို ဖောက်ဖျက်ရင်၊ ဖွဲ့စည်းပုံအခြေအခံ ဥပဒေထဲက တချက်ချက်ကို ချိုးဖောက်ရင်၊ အကျင့်သိက္ခာ ပျက်ပြားရင်၊ လွှတ်တော်အမတ် အရည်အချင်း ပျက်ယွင်းရင်၊ ဥပဒေအရ ပေးအပ်ထားတဲ့ တာဝန်မကျေပြွန်ဘူး ဆိုရင် မဲပေးပိုင်ခွင့်ရှိသူ ၁ ရာခိုင်နှုန်းက လက်မှတ်ထိုးပြီး တိုင်ကြားနိုင်တယ်။

လက်ရှိမှာလည်း လွှတ်တော်အမတ် ၄ ဦးကို သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက တိုင်ကြားထားတာ ရှိတယ်။ ဒီလို တိုင်ကြားနိုင်ပေမယ့် အရေးယူလို့ မရလို့ ရွေးကောက်ပွဲကော်မရှင်ကနေ ဒီဥပဒေကို ပြဌာန်းပေးဖို့ လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဆွေးနွေးဖို့ လက်ခံလိုက်ပေမယ့်လည်း ဘယ်တော့ ဆွေးနွေးမလဲ၊ ဘယ်အချက်တွေပယ်မလဲ ၊ ဘက်အချက်တွေ ဖြည့်မလဲ ဆိုတာတွေကတော့ ဆက်လက် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ