သံတွဲမှာ ၅ ဦးသေ၊ အိမ် ၁၀၀ မီးရှို့ခံရ

  • 2 အောက်တိုဘာ 2013
Image caption အိမ်ခြေ ၁၀၀ ခန့် မီးလောင်သွားတယ်လို့ဆို

ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဘာသာရေးနွယ်တဲ့ ပဋိပက္ခအတွင်း ၅ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရတယ်လို့ သံတွဲမြို့နယ် အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ကျေးရွာတချို့မှာ အိမ် ၁၀၀ ခန့်နဲ့ ဗလီတလုံးလည်း မီးရှို့ဖျက်ဆီးခံရတယ်လို့ သူက ပြောပါတယ်။

သမ္မတဦးသိန်းစိန်လည်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို နဲ့အတူ ရခိုင်ပြည်နယ်တွင်းကို သွားရောက် ကြည့်ရှုနေပါတယ်။

ပဋိပက္ခတွေ ဖြစ်ပြီးနောက် သမ္မတအနေနဲ့ ရခိုင်ပြည်နယ်ကို ပထမဆုံး သွားရောက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံကလည်း လက်ရှိ အကြမ်းဖက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပြီး အကြမ်းဖက်ခံရသူတွေကို လိုအပ်တဲ့ အကူအညီပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ရန်ကုန်၊ အမေရိကန် သံရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရဲ့ ကြေငြာချက်မှာတော့ အစ္စလာမ်ဘာသာဝင်တွေဟာ လုံခြံမှုကင်းမဲ့စွာ ခံစားနေရတဲ့အတွက် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးကို အမြန်ဆုံး ထိရောက်စွာ ဆောင်ရွက်ပေးဖို့ ပန်ကြားကြောင်း ထုတ်ပြန်ထားပါတယ်။